top of page

UN အနေနဲ့ .. အာဏာသိမ်းမှုတွေကို တရားဝင်မှုပြုခဲ့သလား?

  • Writer: ယံ
    ယံ
  • Jun 2, 2021
  • 1 min read

UN မှာ ၁၀ နှစ် အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ယူခဲ့တဲ့ဦးသန့်ရဲ့ View From The UN စာအုပ် မှာတော့ နျူကလိယလက်နက်တွေနဲ့ ကမ္ဘာစစ်ထပ်ဖြစ်လာမယ့်အရေးကို သူဘယ်လိုကိုင်တွယ်ခဲ့သလဲ၊ ဘယ်လို ခံယူချက်တွေ၊ လူ့ကျင့်ဝတ်၊ တန်ဖိုးတွေနဲ့ အဖြေရှာခဲ့သလဲ ဒါတွေကို စာအုပ်မှာမှတ်တမ်းတင်ထားတဲ့ အကြောင်း အစပျိုးတယ်။ ပြည်ပခရီးစဥ်အသွားလေယာဥ်ပျက်ကျပြီး ကွယ်လွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူးချုပ် နေရာမှာမမျှော်လင့်ထားဘဲ သူဘယ်လိုရလာသလဲဆိုတာတွေရေးထားတယ်။ ဦးသန့်ဟာ အတွင်းရေးမှူးချုပ်ရာထူးကို သူလက်ခံရေး၊လက်မခံရေး ၊ ဗမာအစိုးရဝန်ကြီးချုပ် ဦးနု နဲ့ အကြိမ်ကြိမ်တိုင်ပင်ခဲ့တယ်။ ဦးသန့် အတွင်းရေးမှူးဖြစ်လာတဲ့ နှစ်က ၁၉၆၁ ဖြစ်တာ မဆန်းသေးပေမယ့် ... ကျွန်တော်တွေးမိတဲ့ တစ်ချက်က ၁၉၆၂ မှာ ဗိုလ်ချုပ်နေဝင်း စစ်တပ်ဟာ ဦးနုအစိုးရ ကို ဖယ်ရှားပြီး စစ်အာဏာသိမ်းတယ်ဆိုတဲ့အချက် ခေါင်းထဲဝင်လာတော့ .... အဲ့ဒီ ၁၉၆၂ မတ်လ ဗမာနိုင်ငံမှာ စစ်အာဏာသိမ်းခံရတဲ့ အခြေအနေမှာ UN အတွင်းရေးမှူးချုပ် ဖြစ်နေတဲ့ ဦးသန့် ဘယ်လိုတုံ့ပြန်သလဲ၊ မှတ်ချက်ပေးသလဲဆိုတာ ကျွန်တော်သိချင်လာတယ်။ ဦးသန့်က ဦးနုနဲ့ အတော်လေးရင်းနှီးတယ်။ ဦးနုအစိုးရခေတ်မှာ ဦးသန့်ဟာ ပြန်ကြားရေး၊ နိုင်ငံခြားရေး၊ လူထုဆက်သွယ်ရေး အတိုင်ပင်ခံအနေနဲ့ အလုပ်တော်တော်လုပ်ပေးခဲ့တယ်။ ဦးသန့်ဟာ ဦးနုအစိုးရအတွက် သံတမန်ရေးကို သံတမန်တစ်ယောက်လိုတာဝန်ထမ်းဆောင်နေခဲ့တယ်။ ဒါပေမယ့် ၁၉၆၂ ဗမာပြည်စစ်အာဏာသိမ်းကိစ္စမှာ ဗိုလ်ချုပ်နေဝင်းက ဦးနုရဲ့ လူယုံဖြစ်နေတဲ့ ဦးသန့်ကို Enemy of the state လို့သတ်မှတ်နေကြောင်း *(ဦးသန့်မြေး၊ သမိုင်းဒေါက်တာ သန့်မြင့်ဦးရဲ့ ခြေရာပျောက်မြစ် စာအုပ်မှာရေးထားတယ်။ UN အတွင်းရေးမှူးချုပ်အနေနဲ့ ၁၉၆၂ ဗမာပြည်စစ်အာဏာသိမ်းကိစ္စကို ဦးသန့် ဘယ်လိုကိုင်တွယ်ခဲ့သေးသလဲ။ အဲ့ဒီ ၁၉၆၀ နောက်ပိုင်းမှာ အမေရိကန်၊ ရုရှား၊ ဥရောပ နိုင်ငံတွေဟာသူတို့ကိုယ်တိုင်ပါဝါချိန်လိုက်၊ လက်အောက်ခံနိုင်ငံလေးတွေမှာ ပါဝါတင်ပေးလိုက်ရှုပ်နေတဲ့အချိန်။ ဒီအချိန်ကို အခွင့်ကောင်းယူပြီး အာရှနိုင်ငံတွေလည်းအာဏာသိမ်း တာတွေစလာတယ်။ ဗမာနိုင်ငံ။ တောင်ကိုရီးယား။ UN အနေနဲ့ .. အာဏာသိမ်းမှုတွေကို Legitimacy တရားဝင်မှုပြုခဲ့တာတွေ ဖြစ်ခဲ့တယ်။ အာဏာသိမ်းခေါင်းဆောင်တွေဟာ အမြင့်ဆုံးကိုတက်ပြီး သမိုင်းကိုရေးနေခဲ့ကြတယ်။ နျူဗုံးနှစ်လုံးကျဲခံလိုက်ရလို့ ဖက်ဆစ်ဂျပန်တွေလည်း အလံလိပ်၊ ဒုတိယကမ္ဘာစစ်မီးငြိမ်းသွားခဲ့ပေမယ့်နောက်ဆက်တွဲ ပြည်တွင်းစစ်တွေ၊ ဝါဒစစ်တွေဟာ ကမ္ဘာမှာတရိပ်ရိပ်တက်လာတယ်။ UN အဖွဲ့ကြီးဖြစ်တည်လာခဲ့ပေမယ့်၊ သူ့နေရာနဲ့သူ ထိုက်သင့်သလျောက် ဖြေညှိနိုင်ခဲ့ကြပေမယ့်မျက်ကွယ်ပြုနေတာတွေလည်းရှိခဲ့တယ်။ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ တတိယအကြိမ်မြောက်ဒီမိုကရေစီအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းမှုကိုရော UN ဘယ်လိုပါဝင်ပတ်သက်မလဲ။ သမိုင်းကိုဘယ်လိုရေးခွင့်ပေးမလဲ။ UN ဟာ ကမ္ဘာ့မဟာမင်းကြီးတပါးလို အစွမ်းမရှိပေမယ့် လူသားတန်ဖိုးတွေ၊ ကျင့်ဝတ်စံနှုန်းတွေကို မျက်မှောက်ကမ္ဘာမှာ ဘယ်လို အဓိပ္ပါယ်ဖွင့်ဦးမလဲ? What Next For Burma? ဆိုတဲ့ သမိုင်းဒေါက်တာ သန့်မြင့်ဦး ရဲ့ဆောင်းပါးတစ်ပုဒ်ဟာ မတ်လတုန်းက ထွက်ခဲ့တယ်။ ဆောင်းပါးအတွက် Social Feed မှာသူဘာရေးသလဲဆိုရင် "In the end, some kind of revolution must come. There can be no return to the past. Ending military rule is a start. But democracy alone, if it means only winner-take-all elections and majoritarian rule, is not enough.." ဆိုလိုတာက ... အတိတ်ကိုတော့ပြန်လှည့်စရာမရှိ။ တော်လှန်ရေးကတော့ လာမှာပဲ။ စစ်အာဏာကိုအမြစ်ဖြတ်ဖို့ကတော့စပြီ။ မဲပေးသူများပြီးနိုင်တယ်ဆိုတဲ့ ဒီမိုကရေစီတစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး ... တဲ့။ 📝 yktm


Comments


bottom of page