မတ် ၁၀ ၊ ၂၀၂၀။ ပြည်ထောင်စုလွှတ်တော်
- ယံ

- Jul 8, 2021
- 1 min read
မြန်မာမှာ ပထမဆုံးကိုဗစ်လူနာ မတွေ့သေးခင် ၁၄ ရက်အလိုပေါ့ဗျာ။ မတ် ၁၀ ၊ ၂၀၂၀ ခုနစ်။ (ကိုဗစ် ၊ မြန်မာပထမဆုံးလူနာ မတွေ့ရှိခင် ၁၄ ရက်အလို ) ။ ခြေဥ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပုဒ်မများမှာ တပ်မတော်အာဏာ ပါဝင်နေမှု လျှော့ချရေးကြိုပမ်းခြင်း ပြည်ထောင်စုလွှတ်တော်မှာအောင်မြင်ခဲ့သလား ... YES or NO ?? (NO! မအောင်မြင်ခဲ့ပါဘူး)။ ခြေဥ မှာ တပ်မတော်အာဏာ ပါဝင်နေမှုကို လျှော့ချဖို့ ခဲယဥ်းခဲ့ပါတယ်။ တပ်မတော်ဟာ နိုင်ငံရေးမှာ check & balance လုပ်ဖို့ လွှတ်တော်မှာ ဝင်ထိုင်တယ်ဆိုတာထက် အရပ်ဘက်အဖွဲ့အစည်း အစိုးရ ဖြစ်တည်မှုကို အပြည့်အဝ ပံ့ပိုးပေးခြင်း မရှိခဲ့ဘူးလို့ ကျနော်မြင်တယ်။ တဖက်မှာလည်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင်ဟာလည်း အမျိုးသားနိုင်ငံရေးပုံစံထက် သူ့ပါတီအတွက် ကိုယ်စားပြုနေမှု ပိုများခဲ့တယ်လို့ ကျနော်မြင်တယ်။ တပ်မတော်အပေါ် စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးရေးထက်၊ ဥပဒေအရ ခြေဖျက်လွှမ်းမိုးရေးကို အဓိက သွားခဲ့တယ်။ သမ္မတတစ်ယောက်အနေနဲ့ သမ္မတ အပေါ်သစ္စာခံနိုင်တဲ့ လက်နက်ကိုင် တပ်ရင်း တစ်ဖွဲ့တောင် မထားနိုင်၊ မရှိနိုင်ခဲ့ပါဘူး။ အပေါ်ယံ သက်တော်စောင့်သဘောသာသာ ဖြစ်နေခဲ့ပါတယ်။ န.အ.ဖ စစ်ကောင်စီရေးဆွဲခဲ့တဲ့ ၂၀၀၈ ခြေဥအရ နိုင်ငံတော်သမ္မတ ဖြစ်ခွင့်မရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာNLD ပါတီ သမ္မတများဖြစ်တဲ့ဦးထင်ကျော်၊ဦးဝင်းမြင့် နှစ်ဦးစလုံးအထက်မှာ ရှိနေခဲ့တယ်။ နိုင်ငံအုပ်ချုပ်ရေး အင်္ဂါစဥ်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အင်္ဂါစဥ်များအရ နိုင်ငံရေးအာဏာခွဲဝေမှု ပဋိပက္ခများ အရှိန်မြင့်လာပြီး ၊ အိမ်နီးချင်းနိုင်ငံသံတမန်များကိုယ်တိုင်က မြန်မာကို လာရောက်ကြတဲ့အခါ အဖွဲ့အစည်းနှစ်ရပ်ကို ဝင်တွေ့ရသလို အချိန်နှစ်ကန့်ခွဲတာမျိုး အထိ ဖြစ်လာကြတယ်။ တဖက်အဖွဲ့အစည်း give & take ကို တဖက်အဖွဲ့အစည်း give & take အခြေအနေက သိခွင့်မရှိ၊ ထိခွင့်မရှိ ပုံစံတွေမျိုး သာမန်ပြည်သူမျက်လုံး၊ဦးနှောက်နဲ့ပင် မြင်သာထင်သာလာတယ်။ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ NLD ထပ်မံအနိုင်ရရှိပြီး၊ ပြင်ဆင်ဖို့ မအောင်မြင်ခဲ့တဲ့ ခြေဥ ပြင်ဆင်ရေးမဲခွဲကြဖို့ မှာ ထောက်ခံမဲ ရရှိဖို့ ပိုသေချာလာတဲ့အချိန်မှာတော့ ခြေဥ အခန်း ၁၁ ပါ ပုဒ်မများနဲ့ တပ်မတော်ဟာ အရေးပေါ်ကာလအဖြစ် ၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ မှာကြေငြာပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံအပါအဝင်၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်အားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်။ ၂၀၂၁၊ ဧပြီ ၂ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံနိုင်ခြင်းမှ လွတ်မြောက်ပြီး ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်အမတ်များ နှင့် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း အင်တာနက်မှတဆင့် လူထုကို ကြေငြာခဲ့တယ်။ ၁၀ မတ်၊ ၂၀၂၀။ လွှတ်တော်ဗီဒီယို ။ https://www.youtube.com/watch?v=_OsXo_p78S8 ၁၀ မတ်၊ ၂၀၂၀။ သတင်းအကျဥ်းဗီဒီယို။ https://youtu.be/Rs4lLCxE1NQ လွှတ်တော်ဗီဒီယိုတွေ ကိုကျနော်အချိန်ပြည့်ကြည့်တဲ့ကောင်တော့မဟုတ်ဘူး။ နိုင်ငံရေးနဲ့ ပတ်သက်ရင် ကိုယ်နဲ့သက်ဆိုင်တဲ့ ကဏ္ဏလောက်မှာပဲ ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဖို့၊ နည်းပဒေတွေအရ လိုင်စင်ရှိဖို့၊ ကိုယ်လုပ်နိုင်တဲ့ တင်ဒါ သတင်းနားထောင်ဖို့ ဒါပဲရှိပါတယ်။ ဖျော်ဖြေရေး နှင့် ကြော်ငြာမီဒီယာလုပ်နေတဲ့လူအတွက် ကျနော်နဲ့ဆိုင်မှသာ လွှတ်တော်သတင်းတွေကိုရွေးကြည့်တာမျိုးပဲရှိတယ် ၊ ၂၀၂၀ မတ် ၁၀၊ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲတဲ့ ကိစ္စတစ်ခုက သမိုင်းမှတ်တမ်းတစ်ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဗီဒီယိုမှတ်တမ်းဖြစ်နေတဲ့အတွက် ကျနော်ကြည့်ဖြစ်ခဲ့လို့ ပြန်မျှဝေတာပါ။ ~yktm 189/365_21




Comments