ပုံပြောခြင်း
- ယံ

- Jun 17, 2021
- 2 min read
ဘယ်သွားသွား ကျွန်တော်တို့ဟာ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့သဏ္ဍာန်တွေကို မြင်တွေ့နေရတယ်။ ဒီလို သဘာဝလောကကြီးမှာ မြင်တွေ့ရတဲ့ အရုပ်တွေ အပြင် ... သတင်းစာ၊ ဂျာနယ် ... မဂ္ဂဇင်းတွေမှာ ... ရုပ်သေ (ဓါတ်ပုံ) တွေအစီအရီ မြင်တွေ့နေရ သလို .... ပြဇာတ် ၊ ရုပ်ရှင် တွေမှာလည်း ရုပ်အရှင် တွေ အစီအရီ မြင်တွေ့ရပြန်တယ်။ Video Game တွေကစားဖြစ်ကြတဲ့အခါ ...အင်တာနက်ပေါ်မှာ လှန်လှောရှာဖွေကြတဲ့အခါ ရုပ်အသေတွေ နဲ့ ရုပ်အရှင်တွေ စုံလှပေါ့ဗျာ။
....
ဒီလို ရုပ်အသေ/ရုပ်အရှင် (picture) တွေဟာ
ကြော်ငြာ (advertisement) တွေ ဖြစ်လာတဲ့အခါ သေချာတာက
အဲ့ဒီ picture ဟာ သူ့ကို ဝယ်ချင်လာအောင် ကျွန်တော်တို့စိတ်ကိုနှိုးဆွပေး လိမ့်မယ်။
...
အကယ်၍ picture တစ်ခုဟာ video game ဖြစ်နေခဲ့မယ်ဆိုရင်
အဲ့ဒီ picture ရဲ့ story တွေနဲ့ ကျွန်တော်တို့စိတ်ကို interactive ဖြစ်ခြင်းမဖြစ်ခြင်းတွေဟာ ကျွန်တော်တို့ကိုတက်ကြွစွာ ပါဝင်ကစားနိုင် ဖို့ဖိတ်ခေါ်နေလိမ့်မယ်။
...
အကယ်၍ picture တစ်ခုဟာ Film (ရုပ်ရှင်) သာဖြစ်နေခဲ့မယ်ဆိုရင် ...
သူ့ရဲ့ story,visual နဲ့ sound elements တွေဟာ ကျွန်တော်တို့ကို
စိတ်ခံစားမှု အရ ဇာတ်လမ်းရဲ့အဆုံးသတ်ထိ ဆွဲခေါ်ယူသွားလိမ့်မယ်။
.........
တကယ်တော့ ပုံပြောရတာ လွယ်သလို၊ လွယ်လည်းမလွယ်ဘူး။
“ ပုံပြောပြတယ်ဆိုတာ မွေးရာပါ လည်းမဟုတ်သလို …
အထုံပါရမီလည်း မဟုတ်ဘူး။
...
ပုံပြောခြင်းဟာ ရှိနေတဲ့ အတွေ့အကြုံနဲ့မှတ်ဉာဏ်တွေကို ကလော်ထုတ်ပြီး ကွင်းဆက်ချိတ်တဲ့နည်းတစ်မျိဳုးဖြစ်သထက်ဖြစ်လာတယ်။
...
လူတစ်ယောက်က “စာရေးဆရာ” ဖြစ်ချင်လို့ဆိုပြီး
စာအုပ်တွေ အများကြီးထိုင်ဖတ်၊ တစ်အုပ်ပြီးတယ်မလား ၊ နောက်တစ်အုပ်ဖတ်နဲ့ ဒီလိုနဲ့… စာအုပ်တွေအားလုံးကို ပိတ် ၊ သူ စာ ချ ရေးဖို့ကြိုးပမ်းတဲ့အခါ …
“ဘာရေးရမယ်မသိ ….”
ဒီလိုနဲ့ပဲ … သူ့ကိုယ်သူ “ဖန်တီးနိုင်စွမ်းပကား” နည်းလှချည့်လို့
ပြစ်တင်ဝေဖန်လိမ့်မယ်။
...
ကိုယ်ကိုယ်ကို သိမ်ငယ်ဖန် များလာတဲ့အခါ …
နောက်ဆုံးမှာ “စာရေးဆရာ” ဖြစ်ဖို့ပါရမီအထုံ သူမပါလေတော့လို့တွေးမိမယ်။
...
ဒီအတွေးဟာ မှန်မနေဘူး မှားလည်းမမှားဘူး။ လမ်းလွှဲထဲ လမ်းလွဲနေရုံသက်သက်ပါပဲ။
...
စိတ်ကို ရင့်ကျက်အောင် ၊ ဖြန့်ကျက်တွေးတောနိုင်စွမ်းများအောင်
စာပေဗဟုသုတတွေ လိုက်စားတာ ၊ စိတ်ရဲ့အာဟာရကို ဖြည့်ဆည်းတာဟာ
အမှန်တကယ် လိုအပ်တယ်။
...
ဒါပေမယ့်ပေါ့
“ဖန်တီးနိုင်စွမ်းအား (creative power)” ကိုအထုံပါရမီ လို့သတ်မှတ်တာရယ် ၊ စာတွေတပုံတခေါင်းကြီး ထိုင်ဖတ်ဖူးမှ ငါ စာရေးဆရာကြီး ဖြစ်တန်မယ် လို့သတ်မှတ်တာတွေက …
မလိုအပ်တဲ့ ပိတ်ဆို့မှု တွေကိုတစတစ ကြီးထွားလာစေတယ်။
...
တကယ်တော့ …. စာရေးခြင်းမှာဖြစ်ဖြစ် ၊ ရုပ်ရှင်ဖန်တီးခြင်း မှာဖြစ်ဖြစ် ၊ မည်သည့် ဖန်တီးမှုလုပ်ငန်း ၊ အတတ်ပညာရပ်မှာမဆို …. မွေးရာပါ ပါရမီအထုံကို စီစစ်ပြီးမှ …“ ဒီကလေးတော့ ပန်းချီဆရာဖြစ်မယ်ဟေ့ ၊ ဟိုကလေးတော့ … ဒါရိုက်တာကြီးဖြစ်မှာကွ” ရယ်လို့ မရှိဘူး။
...
ဒါဟာ မိမိကိုယ်မိမိမဆန်းစစ်နိုင်ခြင်းရဲ့နောက်ဆက်တွဲ၊ ဖြစ်လာတဲ့လူ့ဘဝမှာပကတိစိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုကိုမရှာဖွေနိုင်ခြင်းပဲ။
...
“တကယ်တော့ … ခင်ဗျား မသေမချင်း … ခင်ဗျား ဖြစ်ချင်တဲ့ အကောင် ဖြစ်ပိုင်ခွင့်ရှိတယ် ဆိုတာရှိနေတယ်”
“ခင်ဗျား ဖြစ်ချင်တဲ့ အကောင်အဖြစ် … ခင်ဗျား စနစ်တကျသာ လေ့လာမယ် ဆိုရင်နောက်ကျ သွားတယ် ဆိုတာ ဘယ်တော့မှ မရှိဘူး ၊ ခင်ဗျား အချိန်တိုင်း ဖြစ်နေနိုင်တယ်”
စနစ်တကျ ဆိုတဲ့ စကားက အရေးပါပါတယ်။
မှတ်ဉာဏ်တွေကို စနစ်တကျ ကလော် ထုတ်နိုင်ဖို့လိုအပ်တယ်။
ကလော်ထွက်လာတဲ့ အပိုင်းအစတွေကို စနစ်တကျ ကွင်းဆက် ချိတ် နိုင်ဖို့လိုအပ်လာတယ်။
...
စနစ်တကျ ပုံပြောတတ်လာတဲ့အခါ ပုံပြောကောင်းသူဖြစ်လာတယ်။
...
ပုံပြင် ဆိုတာ ဘာလဲ ?
( character + Want ) x Obstacles = Story …
ဇာတ်လိုက်တွေ မှာ လိုအင်ဆန္ဒတစ်ခုရှိနေတယ် ၊ ဒါကို အခက်အခဲတွေနဲ့ရင်ဆိုင်တွေ့ပေးလိုက်ရင်
ပုံပြင် တစ်ပုဒ် ဖြစ်လာပါတယ် လို့ ဖော်မြူလာကပြောချင်တာ။
...
ခင်ဗျားက ပုံပြင်တစ်ပုဒ် (ဇာတ်တစ်ခု) ကို စတင်တည်ဆောက် ၊ အကောင်အထည်ဖော်ပြီဆိုရင် …
ဇာတ်ကောင် စရိုက်တွေကို တည်ဆောက်နေတာထက်
( ဇာတ်လိုက် ငကျော် က လူဆိုး၊ ဆေးလိပ်အရမ်းသောက် ၊ ဘယ်သူမှဂရုမစိုက် … ဒါမျိုးတွေကို အရင်
တည်ဆောက်နေတာထက် ) …
...
ပတ်ဝန်းကျင် တစ်ခုကို စတင်တည်ဆောက်တာက ပိုပြီး စနစ်ကျတယ်လို့ဆိုနိုင်ပါတယ်။ တကယ့်လက်တွေ့ဘဝတွေမှာလည်း
တည်ရာ ရှိရာ မှီရာ ပထဝီမြေကြီး ပတ်ဝန်းကျင်ကြောင့်
လူဟာ ဒုက္ခတွေ သုခ တွေ ရင်ဆိုင်နေရတာဖြစ်တယ်။
မြေကြီးမရှိခဲ့ရင် လူလည်းရှိနေခဲ့မှာမဟုတ်ဘူး။
ဆိုလိုတာက …
...
ဆိုပါတော့ ဥပမာ Dark Knight (Batman) ဆိုတဲ့ သူရဲကောင်းပေါ်လာမယ့်မြို့တော်ကြီး Gotham ကို အရင်တည်ဆောက်တာက ပိုအဆင်ပြေပါလိမ့်မယ်။
Gotham မြို့ဟာ အင်မတန် ဒုစရိုက်ပေါတယ်၊
လူကြီးတွေ ခြစားတယ်။ မှောင်ခို လုယက်မှု ၊ ဓားပြတိုက်မှု တွေပေါတယ်။ ဒီမိုကရေစီဟာ ဟန်ချက် မညီဘူး … စသည် တည်ဆောက်ရင်း … ပတ်ဝန်းကျင် စိတ်နေစိတ်ထား ၊ ကျား မ အခြေအနေ ကွဲပြားလာပါတယ်။
အဲ့ဒီအခါ Bruce Wyne ဆိုတဲ့ မီလျံနာတစ်ယောက်ဟာ မြို့တော်ရဲ့
နောက်ကွယ်မှာ တိတ်တဆိတ်လှုပ်ရှားနေတဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတယ်။
...
အဲ့ဒီအခါ ဇာတ်လမ်းရဲ့…
(1) Tone and Genre
(2) Main Character
(3) World of the story
(4) Theme / Message
(5) Dramatic Situation တွေဆိုတာ ဆက်တိုက် ပေါ်လာတယ်။
...
အဲ့ဒီအခါဇာတ်လမ်းတစ်ခုရဲ့Tone ဆိုတာတွေ၊ Theme တွေ ဆိုတာတွေပါ
ထပ်ရှိလာတယ်။
...
Tone တွေ Theme တွေမပြောခင်
ဇာတ်ကောင်စရိုက်ကိုတည်ဆောက်နိုင်တဲ့ ဖော်မြူလာတစ်ခုထပ်ရှိသေးတယ်။
...
[someone] must [do something] to [achieve something]
“တစ်စုံတစ်ယောက်ဟာ တစ်စုံတစ်ခု ရဖို့လိုအပ်နေတာကြောင့် တစ်စုံတစ်ရာကို လုပ်ကိုလုပ်ရမယ်”
ဆိုတဲ့ ကွင်းဆက် ချိတ်ဆက်နည်းပါ။
...
နောက်ထပ်ပြီး ဖော်မြူလာတစ်ခု ကျန်သေးတယ်။
...
[character] in [a situation] must [take action] to [solve the problem]
“ဇာတ်ကောင်စရိုက်တစ်ခုဟာ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ရန်အတွက် အခြေအနေတစ်ရပ်မှာ
ကျရောက်နေပြီး တုံ့ပြန်မှု တစ်ခု လုပ်ကိုလုပ်ရမယ်” ဆိုတာပါ။
ဒီဖော်မြူလာနှစ်ခုဟာ … treatment လို့လည်းခေါ်ပြီး ရံဖန်ရံခါ synopsis လို့လည်းခေါ်တဲ့ဇာတ်လမ်းအကျဉ်း (ကွင်းဆက် အပိုင်းအစ) ချိတ်ဆက်ခြင်း တွေကို စနစ်တကျ ဖော်ထုတ်ပေးလာမှာလည်းဖြစ်တယ်။
...
အဲ့ဒီနောက်မှသာ…. ဇာတ်လမ်းတစ်ခုလုံး (script) အတွက်
Act 1 , 2 , 3 တွေကို စနစ်တကျ တည်ဆောက်နိုင်မှာဖြစ်ပြီး
Plot Device (ဇာတ်ညွှန်းဦးတည်ရာလမ်းကြောင်း) တွေကိုလည်း ဆက်လက်ထည့်သွင်းပေးလာနိုင်တယ်။
...
( ..... )
ရေးလက်စ ဒီဆောင်းပါးကို ကျွန်တော်ရပ်လိုက်တယ်။
ဘေးမှာအသင့်ရှိနေတဲ့ ဂျင်းပြုတ်ရည်ခွက်ကို တငုံယူသောက်တယ်။
ခေါင်းထဲအတွေးဝင်လာတယ်။
...
"အခုငါရေးနေတာ ဘယ်သူ့ကိုပြောလို့ ဘယ်သူကဖတ်နေတာလဲ"
...
ငါနဲ့တူတဲ့ငါတွေအတွက်ပဲပေါ့။
ငါစွဲများဖြင့်
📝 yktm




Comments