top of page

သခင်အောင်ဆန်း ၁၉၄၀ မှာ တရုတ်ပြည် ပြေးခဲ့ရတယ်။

  • Writer: ယံ
    ယံ
  • May 31, 2021
  • 3 min read

📍 ဒုတိယကမ္ဘာစစ် မဖြစ်ခင် အစောပိုင်းနှစ် ၁၉၃၅-၁၉၃၈ ပတ်လည်နှစ်တွေမှာ

ကိုယ်တော်မှိုင်းတို့လို အမျိုးသားရေးခေါင်းဆောင်တွေရဲ့ Political Power ကအင်အားကြီးလာတယ်။

ဗြိတိသျှလက်မှကျွတ်ပြီး လွတ်လပ်ရေးအရယူဖို့ နဲ့ ဒီမိုကရေစီ ၊ ကွန်မြူနစ်၊ ဖက်ဆစ် စသဖြင့် နိုင်ငံရေးဝါဒတွေ စာဖတ်အားကောင်းလာကြတယ်။

...

📍 ၁၉၃၈ မှာ ဒုတိယကမ္ဘာစစ်လည်းဖြစ်လာတော့ ကိုလိုနီ (ဗြိတိသျှ) တွေဟာ လက်အောက်ခံနိုင်ငံတွေကို

ထိန်းဖို့သိမ်းဖို့ အာရုံစုစည်းဖို့ အားလျော့လာတယ်။ တချိန်တည်းမှာပဲ ရန်ကုန်မြို့ပေါ်က နိုင်ငံရေး

တက်ကြွလှုပ်ရှားသူတွေဟာ ဒုတိယကမ္ဘာစစ်မီးကို အခွင့်ကောင်းယူပြီး စစ်ပြီးတာနဲ့ နိုင်ငံလည်း

လွတ်မြောက်ဖို့ ဘုံတူညီချက်ရှိလာတယ်။

...

📍ဂျပန်အင်ပါယာနဲ့ တရုတ်ပြည်မကြီး ဖြစ်နေတဲ့စစ်ကလည်း ပိုပြီးကြီးထွားလာတယ်။

ဗမာနိုင်ငံဟာ ကိုလိုနီဘက်ကပဲကြည့်ကြည့်၊ ဂျပန်ဘက်ကပဲကြည့်ကြည့်

ကမ္ဘာစစ်မှာ စစ်ရေးအရ လောင်စာ၊ ရိက္ခာ၊ နေရာ၊ ခရီးလမ်း အားလုံးအသုံးပြုနိုင်တဲ့ ကြားခံနယ်လိုဖြစ်နေတယ်။

...

📍တရုတ်မှာက ကွန်မြူနစ်တွေက အင်အားအမာခံ။ တချို့နယ်တွေကတော့ ဂျပန်အောက်ရောက်နေပြီ။

...

📍ဒုတိယကမ္ဘာစစ်မဖြစ်ခင် တည်ထောင်ခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေးအဖွဲ့အစည်း "ဒို့ဗမာအစည်းအရုံး"က

သခင်တွေက တရုတ်ကွန်မြူနစ် တွေနဲ့ ပေါင်းရမလား ၊ ဂျပန်နဲ့ပေါင်းရမလား ရွေးရခက်နေတယ်။

ရည်ရွယ်ချက်က ဒုတိယကမ္ဘာစစ်မီးနဲ့အတူ ဗြိတိသျှတွေကို ရောကြိတ် မောင်းထုတ်ဖို့။ ပြီးရင်

လွတ်လပ်သောနိုင်ငံကို ပြန်လည်ထူထောင်ဖို့။

...

📍သခင်အောင်ဆန်းဟာ ၁၉၄၀ နှစ်မှာ တရုတ်ပြည် ပြေးခဲ့ရတယ်။ ဗမာ့လက်နက်ကိုင်စစ်တပ် ဖွဲ့စည်းနိုင်ဖို့

နည်းလမ်းရှာဖွေနေခဲ့တယ်။

...

📍 ဂျပန်က ဗိုလ်ဆူဇူကီး ဟာ ဗမာပြည်ကို စစ်ရေးဗျူဟာအရ ထောက်တိုင်ထားဖို့ ၊ တရုတ်နဲ့မပေါင်းဖြစ်သွားဖို့ သူတို့မှာ ရည်ရွယ်ချက်ရှိတယ်။

...

📍 ဒါနဲ့ သခင်ကိုယ်တော်မှိုင်း ကိုလာတွေ့တယ်။ ( ဗမာပြည်ထဲကို သတင်းထောက်အယောင်ဆောင်ပြီး

ခိုးဝင်ခဲ့ရတာ) ဗမာလက်နက်ကိုင်စစ်တပ် ဖွဲ့နိုင်ဖို့ အကြောင်းတွေပေါ့။

...

📍 နောက်တော့ အဲ့ဒီ ၁၉၄၀ နှစ်ထဲမှာပဲ ချိုင်းနားရောက်နေတဲ့ သခင်အောင်ဆန်း ကို ဆူဇူကီး သွားတွေ့တယ်

...

📍 အဲ့ဒီနောက် သခင်အောင်ဆန်းကို ဂျပန်တိုကျိုအစိုးရဆီ အပါ ခေါ်ခဲ့ပြီး လက်နက်ကိုင်စစ်တပ် ဖွဲ့စည်း

နိုင်ဖို့ ၊ ဗြိတိသျှကိုတိုက်ပြီး လွတ်လပ်ရေးယူဖို့ အပြီးသတ်ဆွေးနွေးကြတယ်။

...

📍 ဒီလိုနဲ့ ၁၉၄၁ ဖေဖော်ဝါရီ ... အဲ့ဒီတုန်းက ဂျပန်လက်အောက်ခံဖြစ်နေတဲ့ထိုင်းနိုင်ငံပြည်နယ်ထဲက ကျွန်းများမှာ သခင်အောင်ဆန်းအပါအဝင် ရဲဘော် ၂၉ ဦးဟာ စစ်ပညာသင်ကြားခဲ့ကြတယ်။

ရဲဘော် ၃၀ ဟာ ပျောက်ကျားစစ် ဆင်နွှဲနည်းများ အပါအဝင် နိုင်ငံရေးအရတိုက်ခိုက်နည်းတွေလည်း

သင်ကြားခွင့်ရခဲ့ကြတယ်။

...

📍၁၉၄၁ ဒီဇင်ဘာ ၇ မှာ ဂျပန်ဟာ အမေရိကန် နဲ့ ဗြိတိန် နိုင်ငံကို စတင်တိုက်ခိုက်တယ်။

ပုလဲဆိပ်ကမ်းဗုံးကျဲခံရတဲ့နေ့ပေါ့

...

📍 ရဲဘော် ၃၀ နဲ့ ဗိုလ်ဆူဇူကီးတို့ဟာ ဒီဇင်ဘာ ၂၈ မှာ ဗမာ့လွတ်မြောက်ရေးတပ်မတော် ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာ တရားဝင်ဖွဲ့စည်းခဲ့ကြတယ်။ (သွေးသောက် သစ္စာဆိုကြတယ်)

...

📍ဘန်ကောက်ကို ဗမာစကားမပြောတဲ့ ရဲဘော်တချို့ ထပ်ရောက်လာကြပြီး ဗမာ့လွတ်မြောက်ရေးတပ်မတော်ဟာ အယောက် ၃၀၀ ကျော် အင်အားတောင့်တင်းလာတယ်။

...

📍 အဲ့ဒီနောက် ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီအစောပိုင်းမှာ ဗမာပြည်ကို စတင်ဝင်ရောက်ပြီး

ဗမာ့လွတ်လပ်ရေးအတွက် ဗြိတိသျှတို့ကို စတင်တိုက်ခိုက်တယ်။ စစ်ဦးစီးချုပ်အနေနဲ့ ဗိုလ်ဆူဇူကီး

ဦးဆောင်တယ်။ သခင်အောင်ဆန်းကို Senior Staff Officer ရာထူးပေးတယ်

...

📍 ဗမာပြည်ထဲ စဝင်တိုက်တော့ လမ်းတလျှောက်စစ်အင်အားစုခဲ့တာ ဗမာ့လွတ်မြောက်ရေးတပ်မတော်ဟာ

အင်အား ၂ ထောင်ကျော်နီးပါး ရလာခဲ့တယ်။ ထားဝယ်စစ်ကြောင်း၊ မော်လမြိုင်စစ်ကြောင်း၊ ရေကြောင်းချီတပ်ဖွဲ့၊ အတွင်းသူပုန်တပ်ဖွဲ့ စတဲ့ စစ်နည်းဗျူဟာတွေနဲ့ စစ်ခင်းတယ်။

..

📍 ဆိုတော့ ပြန်တွက်ကြည့်ရင် 👉 ထိုင်းမှာ ဂျပန်စစ်တပ်အကူအညီနဲ့ (၁) နှစ် နီးပါး စစ်ရေးလေ့ကျင့်တယ် ။ ၁၉၄၂ နှစ်စတာနဲ့ စစ်ရေးအရ စတင်ဝင်ရောက်တယ်။

...

📍 ၁၉၄၂ မတ် လ မှာ ရန်ကုန် မြို့ကို ဂျပန်စစ်တပ်နဲ့အတူ ဝင်ရောက်နိုင်ခဲ့တယ်။ အဲ့ဒီအချိန်မှာ

ဗမာတိုင်ရင်းသား volunteer တွေအကူအညီများများရခဲ့ကြတယ် ။ ဗမာ့လွတ်မြောက်ရေးတပ်အင်အား

ဟာလည်း ၃ သောင်း နီးပါးထိရှိလာတယ်။

...

⭐📍 Volunteer အများစုက ဗမာ့လွတ်မြောက်ရေးတပ် တရားဝင်အသိအမှတ်ပြု တပ်သားတွေ မဟုတ်ပေမယ့်သူတို့ကိုယ်သူတို့ ဗမာလွတ်မြောက်ရေးတပ်သားတွေအဖြစ် မှတ်ယူကြတယ်။ အထူးသဖြင့် ကိုလိုနီခေတ်လူမိုက်ကြီးတွေကတောင် သူတို့ကိုယ်သူတို့ ဗမာ့လွတ်မြောက်ရေးတပ်သား တွေအဖြစ် ပါဝင်လာကြတယ်။

...

📍လက်နက် အထောက်အပံ့ကို ဂျပန်စစ်တပ်က အနည်းငယ်သာ ပံ့ပိုးနိုင်ပေမယ့် တပ်ဖွဲ့ဝင်များပြားလာတဲ့ ဗမာ့လွတ်မြောက်ရေး တပ်ဟာ ဖမ်ဆီးသုတ်သင်နိုင်ခဲ့တဲ့ ကိုလိုနီတွေရဲ့ လက်နက်တွေကို ပိုမိုအသုံးပြုခဲ့ကြတယ်။

...

📍တိုက်ပွဲအတွင်းမှာ ဂျပန်ဗိုလ် ဆူဇူကီး ဟာ ဗိုလ်မိုးကြိုး ဆိုတဲ့နာမည်ကို ခံယူခဲ့တဲ့အပြင် ၊ သူဟာ

ဗမာဘုရင်မျိုးနွယ်စုက ဆင်းသက်လာတဲ့ မင်းသားတစ်ပါးဖြစ်ကြောင်း ရွာတွေကို ဝါဒဖြန့်ထားတာမျိုး

လည်းရှိတယ်။ ထီးနန်းကို ဗိုလ်မိုးကြိုး ပြန်ယူနေပြီ ဆိုတဲ့အသိ ရွာသားတွေစိတ်ထဲထည့်

ပေးပြီး ကိုလိုနီကို တိုက်စေတယ်။

...

📍ဗမာ့လွတ်မြောက်ရေးတပ်ဟာ ဗိုလ်မိုးကြိုး စေခိုင်းမှုကြောင့် စစ်ဆင်ရေးအတွင်းမှာ ကရင်ရွာ နှစ်ရွာကို

ဖျက်ဆီးမိခဲ့တယ်။ ဗမာ့လွတ်မြောက်ရေးတပ်ဟာ ပွဲဦးထွက်မှာကတည်းက ကရင်လူမျိုးစုနဲ့ စစ်ဖြစ်ခဲ့ရတယ်။ ကရင်တွေဟာ ဂျပန်တွေကို အစောပိုင်းထဲကဆန့်ကျင်နေသူတွေဖြစ်တယ်။

...

📍ကြားထဲက ဂျပန်မြန်မာစစ်တပ်နဲ့ ဗြိတိသျှတို့ရဲ့ တိုက်ပွဲတွေအကြောင်းကျွန်တော်အကျဥ်းပြောလိုက်

တော့မယ်။ ဆိုတော့ ဗမာဟာ ဂျပန်အကူအညီနဲ့ ဗြိတိသျှကို တိုက်လာတာ ၁၉၄၁ ဒီဇင်ဘာလလယ်ကနေ

စလာလိုက်တာဟာ ၁၉၄၅ မတိုင်ခင်အထိ။

...

📍ဗြိတိသျှဘက်ကကြည့်ရင် ဗမာပြည် လက်နက်ကိုင်အုံကြွလာတာဟာ

၁၉၄၁ ဒီဇင်ဘာ ၁၄ – ၁၉၄၅ စက်တင်ဘာ ၁၃ ။ သူတို့က BURMA CAMPAIGN လို့ခေါ်ကြတယ်။

...

📍သမိုင်းကိုပြန်ကြည့်ရင် ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်းဟာ ဂျပန်ကို အကူအညီတောင်းတယ်။

ကိုအောင်ဆန်းနှင့်အဖွဲ့ ဟာ ၁ နှစ် စစ်ရေးလေ့ကျင့်တယ်။ ဗမာ့လွတ်မြောက်ရေးတပ် ကို ဖွဲ့စည်းတယ်။ ၃ နှစ်နီးပါး ဂျပန်အတွက် ဗြိတိသျှကိုတိုက်ပေးတယ်။ နောက်တော့ လွတ်လပ်ရေးကိစ္စဂျပန်ကတိမတည်တဲ့အတွက် ၊ တရုတ်ကွန်မြူနစ်နဲ့ ဗြိတိသျှ အကူအညီပြန်ယူပြီး

ဂျပန်ကို ပြန်တိုက်ထုတ်တယ်။ ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ

Allies ရော -- Axis ရော ဘက်နှစ်ဖက်လုံးမှာ ပါခဲ့ဖူးတဲ့ လက်နက်ကိုင်ခေါင်းဆောင်ဖြစ်တယ်။

ဒါကြောင့်မို့ အင်္ဂလန်ဝန်ကြီးချုပ် ချာချီကတော့ အောင်ဆန်းဆိုတဲ့ကောင် ဒလန်ကို ကြည့်မရဘူးလို့ ပြောဖူးတယ်။

...

📍ဂျပန်ဘက်ကကြည့်ရင် ဂျပန်ဟာ ဗမာပြည်ကို မဟာဗျူဟာမြောက် သိမ်းပိုက်ထားချင်တယ်။

ဒါကြောင့် ဗမာပြည်ကျူးကျော်မှုကို ၁၉၄၁ နိုင်ဝင်ဘာ ၅ မှ ၁၉၄၅ သြဂုတ် ၁၅ အထိ ဖန်တီးနိုင်ခဲ့တယ်။

၄ နှစ်မပြည့်တပြည့် ဗမာကို ဂျပန် ကျူးကျော်နိုင်ခဲ့တယ်။

...

📍 ကိုလိုနီအစိုးရ အုပ်ချုပ်မှုကို ဖယ်ရှားစေပြီး ဂျပန်တွေဟာ ဗမာပြည်မှာ ရုပ်သေးအစိုးရ ထားနိုင်ခဲ့တယ်။

သိပ်တော့မကြာပါဘူး။ ၁၉၄၃ မှ ၁၉၄၅ အထိ ( ၃ နှစ် ) ပေါ့။

...

📍ဗမာပြည် State of Burma ရဲ့ ဆောင်ပုဒ်က ... One Blood, One Voice, One Leader

တသွေး ၊ တသံ ၊ တမိန့် ဆိုတာအဲ့ဒီက လာတာဖြစ်မယ်။ ခေါင်းဆောင်ကိုတော့ နိုင်ငံရေးခေါင်းဆောင်

ဘမော် ကိုပေးအပ်တယ်။ (ဒေါက်တာဘမော်ပေါ့)။ ဒေါက်တာဘမော်ဟာ ဂျပန်နဲ့အတူ ဗြိတိသျှကို

တိုက်ထုတ်ခဲ့တဲ့အကြောင်း မိန့်ခွန်းမှာပြောလေ့ရှိပေမယ့် ဂျပန်စစ်မှတ်တမ်းမှာတော့ ဒေါက်တာဘမော်

ကို ထည့်သွင်းခဲ့ခြင်းမရှိဘူး။

...

📍 အဲ့ဒီ သုံးနှစ် အစိုးရ ဗမာပြည်မှာ ကချင်ပြည်နယ်မပါသလို၊ ရှမ်းပြည်နယ်လည်းမပါဘူး။

...

ဘမော် ဗမာပြည်အစိုးရမှာ formation (အင်္ဂါစဥ်) ကတော့ဒီလို __

ဘမော်, ဝန်ကြီးချုပ် (နိုင်ငံတော်အကြီးအကဲ)

ဗိုလ်ချုပ်အောင်ဆန်း (ဒုတိယဝန်ကြီးချုပ်)

ဘဝင်း (ပြည်ထဲရေးဝန်ကြီး)

သခင်နု (နိုင်ငံခြားရေးဝန်ကြီး)

ဒေါက်တာသိမ်းမောင် (ဘဏ္ဏာရေးဝန်ကြီး)

ဗိုလ်ချုပ်အောင်ဆန်း (ကာကွယ်ရေးဝန်ကြီး)

သိမ်းမောင် (တရားရေးရာဝန်ကြီး)

လှမင်း (ပညာရေးနှင့်ကျန်းမာရေးဝန်ကြီး)

သခင်သန်းထွန်း (စိုက်ပျိုးရေး/ပို့ဆောင်ရေးဝန်ကြီး)

ဦးမြ (စက်မှုကုန်သွယ်ဝန်ကြီး)

သခင်လေးမောင် (ဆက်သွယ်ရေးဝန်ကြီး)

ဗန္ဓုလဦးစိန် (ပြည်ထဲရေး၊လူထုဆက်ဆံရေးဝန်ကြီး)

ထွန်းအောင် (ဂျပန်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဝန်ကြီး)

သခင်လွန်းဘော် (လုပ်သားပြည်သူစောင့်ရှောက်ရေးဝန်ကြီး) ။ 👈 စသဖြင့်။

...

📍ဗမာလွတ်မြောက်ရေးတပ်ဟာ ဗမာအမျိုးသားတပ်မတော်အဖြစ် နာမည်ပြောင်းလဲခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်နေတဲ့ ဗမာအမျိုးသားတပ် Burmese National Army ဟာ

ဂျပန်ရဲ့ လွတ်လပ်ရေးကတိအတိုင်း ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှနဲ့အမေရိကန် ကို တိုက်ခိုက်ပေးနေပေမယ့် ဘမော် ဗမာပြည်ရုပ်သေးအစိုးရ နဲ့ ဂျပန်အစိုးရ တို့ရဲ့ လွတ်လပ်ရေးမူဟာ

တဖြည်းဖြည်း အသွင်ကွဲလာတာကြောင့် ၊ ၁၉၄၅ မတ်လ ၂၇ ရက်နေ့မှာ ဗြိတိသျှနဲ့အမေရိကန် ကို

တိုက်ခိုက်ပေးမလိုနဲ့ ဂျပန်ကို စတင်တိုက်ခိုက်ခဲ့တယ်။ (ထိုသို့ မတိုက်ခင်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ

ဗြိတိသျှ စစ်ဦးစီးချုပ် လော့မောင့်ဘတ်တန် တို့နဲ့ လျှို့ဝှက်ဆက်သွယ်ပြီး ဗျူဟာရေးဆွဲခဲ့ရတယ်)

...

📍 ဂျပန်ခေတ်အတွင်း ဂျပန်-အာရှညီလာခံအထိ ပြည်ပထွက် ပွဲတက်ခဲ့တဲ့ ဒေါက်တာဘမော်ဟာ

ဗမာအမျိုးသားတပ် ရဲ့ ထောက်ခံမှု မရတော့ဘဲ ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ရတယ်။ (နောက် ဂျပန်ကို

ဆက်လက်ထွက်ပြေးပြီး ၊ နောက်ပိုင်းမှာတော့ ဂျပန်အစိုးရကပဲသူ့ကို ပြန်ဖမ်းဆီးခဲ့တယ်)

...

📍ဘမော် ဗမာပြည်အစိုးရ State of Burma ဟာလည်း ၁၉၄၅ ဧပြီ ၂၃ မှာ အဆုံးသတ်ခဲ့တယ်။

...

📍 ၁၉၄၅ မတ်လ မှ စလို့ ဂျပန်ကိုပြန်တိုက် ၊ အင်္ဂလန်-အမေရိကန်တပ်တွေနဲ့ပေါင်းခဲ့တဲ့

ဗမာအမျိုးသားတပ်မတော် ကိုဦးဆောင်နေတဲ့ အသက် ၃၀ အရွယ်၊ ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)

ဟာ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲပြီး ဂျပန်ကို ၁၉၄၅ သြဂုတ်မှာ တိုက်ထုတ်နိုင်ပြီးနောက် ...

ဒုတိယကမ္ဘာစစ်လည်းအပြီး ၁၉၄၆၊ ၁၉၄၇ နှစ်များမှာ လွတ်လပ်ရေးစာချုပ်အတွက် ကြိုးပမ်းနေချိန်

၁၉၄၇ ဇူလိုင်မှာ ဗြိတိသျှဗမာနိုင်ငံမှာ ဝန်ကြီးချုပ် ၂ နှစ်လုပ်ခဲ့ဖူးတဲ့ ဦးစော ရဲ့ ကြံစည်မှုကြောင့် ရန်ကုန်မြို့ ဝန်ကြီးများရုံးမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်။

...

📍သမိုင်းမှတ်စဥ်တွေကတော့ ရေးစရာ အများကြီးပါ ...

ဒုတိယကမ္ဘာစစ်မတိုင်ခင် အစောပိုင်းနှစ်လေးတွေမှာ နိုင်ငံရေးအသိကြွယ်လာပုံတွေ၊

ဒုတိယကမ္ဘာစစ်အတွင်းလှုပ်ရှားပုံတွေ နဲ့ စစ်အပြီးမှာ နိုင်ငံခေါင်းဆောင်ဖြစ်လာကြသူတွေရဲ့

သမိုင်းဖန်တီးယူပုံတွေဟာ timeline အတိုင်း အဖြစ်အပျက် တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး

လေ့လာစရာတွေ အများကြီးပဲ။ ကျနော်တော့ ရုပ်သံစီးရီးတွေ ကြည့်နေရသလို သမိုင်းတွေကို

ယှဥ်ပြီး တော်တော်ဖတ်ဖြစ်လာတယ်။ တိုင်းပြည် တည်ငြိမ်တဲ့အခါ ရုပ်ရှင်ဇာတ်ညွှန်းတွေ ဖန်တီးပြီး

timeline တစ်ခုလောက်ကိုဆွဲထုတ်၊ ဇာတ်ကောင်တွေပစ်ထည့်ရင်း ရုပ်ရှင်ကောင်းတွေ

ထုတ်ဖို့ ဆန္ဒရှိတယ်။

...

📝 yktm © 151/365_21


Comments


bottom of page