top of page

ပဋိပက္ခများလားရာ

  • Writer: ယံ
    ယံ
  • Jun 5, 2021
  • 2 min read

အခွင့်ထူးခံ နဲ့ သာမန် ဆိုတဲ့ လူတန်းလွှာ နှစ်ရပ်ကို ပုံဖော်ပြီး လူ့အခွင့်အရေးလှုပ်ရှားမှုအသွင်နိုင်ငံရေးကို ခင်းကျင်းတဲ့အခါ အဲ့ဒီလှုပ်ရှားမှုတွေဟာ ကိုယ်တိုင်အခွင့်ထူးခံ သဘောဖြစ်မှန်းမသိ သွယ်ဝိုက်ဖြစ်သွားတာမျိုး တွေရှိတယ်။


အဲ့ဒီအခါ မူလ အခွင့်ထူးခံ နဲ့ သွယ်ဝိုက်အခွင့်ထူးခံတွေကြားထဲမှာပဲ သာမန် တွေဟာ မြေစာပင်ဖြစ်သွားပါတယ်။


၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူတန်းလွှာအသီးသီး အများစုဟာ NLD ပါတီ ထောက်ခံ မဲပေးခဲ့ကြသူများ ဖြစ်ကြတယ်။ (ဒီအချက်က ဘယ်လို physical evidence နဲ့မှလိမ်လို့မရဘူး) ။ ပြည်သူ ကို ကြိုက်အောင် ဆောင်နိုင်ခဲ့တဲ့ ပါတီရဲ့ အောင်မြင်ခြင်းရလဒ်ကို တရားသော ဘယ်နည်းလမ်းနဲ့မှ မဖျက်နိုင်ဘူး။ မတရားသော နည်းနဲ့ တော့ ရမယ်။ အဓမ္မနည်းနဲ့မှရမယ်။


အဲ့ဒါက စစ်အာဏာသိမ်းခြင်းပါပဲ။

(မဟာဗျူဟာ ငါးနှစ်စီမံကိန်းရေးဆွဲပြီး NLD ပါတီကို ၂၀၂၅ မှာအနိုင်ရရေး မစဥ်းစားနိုင်တော့ဘဲအာဏာသိမ်းခြင်း နည်းလမ်းကိုသာ ကျင့်သုံးခဲ့ကြပါတယ်)


စစ်အာဏာသိမ်းခံလိုက်ရတော့ ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲနေရာအများစုပိုင်ဆိုင်ထားတဲ့ NLD ပါတီ အမတ်များဟာ အခြေအနေရ လူစုပြီး အင်တာနက်လွှတ်တော် ကိုတည်ဆောက်ခဲ့တယ်။ လက်နက်ကိုင်ပြီး စစ်ရေးအရ တော်လှန်ဖို့ထိ ရည်ရွယ်ထားခဲ့ပုံလည်းမရှိပါဘူး။ အစောပိုင်းမှာ လက်နက်ကိုင်တိုက်ခိုက်ရမယ့် အခြေအနေထိလည်း မရောက်သေးပါဘူး။ နိုင်ငံရေးအရ ၊ နိုင်ငံတကာသံတမန်နည်းအရ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အောင်နိုင်ရေးအတွက် လှုပ်ရှားနေတဲ့အခြေအနေတွေဖြစ်တယ်။


ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်များအားလုံး ပြန်လွှတ်ပေးဖို့ နဲ့

ရွေးကောက်ခံအမတ်များနဲ့လွှတ်တော်ကို အာဏာပြန်လွှဲပေးဖို့ ပြည်သူများက တောင်းဆိုနေခဲ့ကြတယ်။


တတိုင်းပြည်လုံးက ပြည်သူတွေ လမ်းပေါ်ထွက်ဆန္ဒပြကြတာက NLD ပါတီအတွက်မဟုတ်ဘဲ၊ တရားမျှတမှု အတွက် ထွက်ခဲ့ကြတာဖြစ်တယ်။


အစိုးရဝန်ထမ်းများနှင့် သက်ဆိုင်ရာပုဂ္ဂိုလိက ဝန်ထမ်းများဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကို အသက်သွင်းခဲ့ကြတယ်။


စုဝေးဆန္ဒပြမှုတွေကို ထိန်းသိမ်းတဲ့ဖြစ်စဥ်တွေမှာ လူသေမှု တွေရှိလာပြီးနောက်မှာ

နှစ်ဖက်အင်အား ( ဆန္ဒပြသူ နဲ့ ထိန်းသိမ်းသူ (ရဲ၊စစ်တပ်) ) ဟာ လမ်းလွှဲ တွေထဲရောက်ပြီး လမ်းလွဲ လာကြတယ်။


ကျည်ဆံအစစ်များနဲ့ ပစ်ခတ်မှုဟာ ရဲ၊စစ်တပ် အတွက် ကြီးမားသော လမ်းလွဲမှုကြီး ဖြစ်ခဲ့တယ်။ ပစ်ဖို့အမိန့်ပေးခဲ့သူရော ၊ လက်တွေ့ပစ်ခဲ့သူတွေဟာ ကြီးလေးသော ပြစ်မှုကြီးကို ကျူးလွန်ခဲ့တာမျိုး ဖြစ်တယ်။ (ပြည်သူနဲံ ထိတွေ့နေမှုကို လျော်ညီသောနည်းလမ်းများဖြင့် အချိန်ယူ မဖြေရှင်းနိုင်ခဲ့ဘဲ စစ်ရေးအရလွယ်လွယ်ဖြေရှင်းခဲ့ပုံရတယ်)။ အာဏာသိမ်းအစိုးရအနေနဲ့ ဥပဒေနည်းအရ လိုသလို ရှောင်လွှဲနိုင်ပေမယ့် လူ့အသိဥာဏ် ဆင်ခြင်တုံတရားနဲ့ကြည့်ရင်တော့ လူသတ်မှုသာ ဖြစ်တယ်။


လူမှုကွန်ယက်များပေါ်မှာ (ဒီတော်လှန်ရေးအတွက် Netflix မှာ ကြည့်ရှုထားသင့်တဲ့အကြောင်း မျှဝေခဲ့ကြတဲ့ ယူကရိန်း နိုင်ငံ Winter On Fire မှတ်တမ်းရုပ်ရှင်အတိုင်း) လမ်းများပိတ်ဆို့ခြင်း ၊ ရပ်ကွက်အတွင်း သဲအိတ်များဖြင့် ခံတပ်ဖွဲ့ခြင်း တွေကို ပြည်သူများက ပြုလုပ်ခဲ့ကြတယ်။ မြေပြင်မှာ လက်တွေ့ကာကွယ်

ခုခံနိုင်စွမ်း အလွန်နည်းတဲ့ စစ်ရေးဖက်ရှင်သာသာ အဝတ်အထည်များ၊ ပစ္စည်းများ ကို အသုံးပြုပြီး Rescue Task Force များ ဖွဲ့စည်းခဲ့ကြတယ်။


ခေတ်ပျက်လာမှုကို အခွင့်ကောင်းယူပြီး CDM အလှူလိမ်လည်ခြင်း၊ Rescue Task Force အလှူလိမ်လည်ခြင်းများရှိခဲ့တယ်။ ဒါဟာ တရားသောစစ်ပွဲအတွက် လမ်းခုလတ်မှာ ပြည်သူ့မျက်နှာကို အိုးမဲသုတ် အကျည်းတန်စေခဲ့တာမျိုးဖြစ်ခဲ့တယ်။


အစောပိုင်းအာဏာသိမ်းခံရမှုဖြစ်စဥ်တလျှောက်ကို ကြည့်ရင် အဖွဲ့အစည်း သုံးမျိုးရှိတယ်။


၁- အာဏာမြဲအောင်ကြိုးစားနေတဲ့ စစ်တပ် ၊

၂- အင်တာနက်ပေါ်မှ သံတမန်နည်းများဖြင့်ဖြေရှင်းနေရတဲ့ အမတ်များရဲ့ CRPH နဲ့

၃- ပြည်သူခေါင်းဆောင်မှ ပြန်လည်ဦးဆောင်နေသာ သပိတ်မှောက်ပြည်သူများ ဖြစ်တယ်။


CRPH ဟာ သပိတ်မှောက်ပြည်သူများကို ဦးဆောင်တာမျိုးမဟုတ်ပါဘူး။

နိုင်ငံရေးအရလည်း ဘယ်မှာစုရုံး ထကြွပါ။ ဘယ်မှာ ဖိရင် ထကြွပါ ဆိုတာမျိုး CRPH ဟာ လုပ်သင့်တာမျိုးလည်းမဟုတ်ပါဘူး။ CRPH ဟာ ဥပဒေပြုရေး နဲ့ သံတမန်ရေးကိုသာ ဦးဆောင်နေခြင်း ဖြစ်တယ်။ သွယ်ဝိုက်သောနည်းဖြင့် လမ်းပြကောင်းပြမယ်။ ဒါပေမယ့် ပြည်သူခေါင်းဆောင်တွေမှသာ ကိုယ်တိုင်လမ်းကြောင်းဆွဲ ၊ ဗျူဟာခင်းပြီး ဦးဆောင်သပိတ်မှောက်ခဲ့ကြတာ ဖြစ်တယ်။


ဒီအခြေအနေတွေမှတဆင့် ပိုပြီးဆိုးရွားသော အခြေအနေကို ဦးတည်စေခဲ့တာဟာ ...

လက်နက်မဲ့ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များဟာ စစ်ပွဲသဏ္ဏာန် ဖြိုခွင်းခဲ့တာတွေကြောင့်ဖြစ်လာရတယ်။


ထိုမှတဆင့် လက်နက်မဲ့ပြည်သူဟာ နီးစပ်ရာလက်နက်ကိုင်စွဲလာကြတယ်။ ခုခံကာကွယ်ပိုင်ခွင့်ဆိုတဲ့ Responsibility To Protect, R2P အချက်အလက်များကို CRPH မှပြည်သူများအတွက် အင်တာနက်ပေါ်မှာ ထုတ်ပြန်ပေးတယ်။


အပြန်အလှန် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားတိုင်း တဖက်စစ်တပ်မှ အကြမ်းဖက်သူဟု ယူဆခံရတဲ့ ဆန္ဒပြသူများကို ကျည်ဆံအစစ်များအသုံးပြု၍ ပစ်ခတ်ဖမ်းဆီးလာတဲ့အတွက် ဒဏ်ရာရသူ ၊ သေဆုံးသူ ရာချီများပြာလာခဲ့တယ်။


ဤအဖြစ်အပျက်များအားလုံးရဲ့ ရလဒ်အနေနဲ့ ဆန္ဒပြသူများထဲမှ လူငယ်များ၊ လူလတ်ပိုင်းများဟာ ယခင် ၁၉၈၈ အရေးအခင်းကာလများအတိုင်း နယ်စပ်ဒေသများကို ရှောင်ပုန်းရင်း လက်နက်ကိုင်အင်အားစု အဖြစ် ရပ်တည်ပြီး စစ်တပ်ကို ပြန်လည်ခုခံဖို့ အခြေအနေ ပြန်ရောက်ရှိလာခဲ့ပါတယ်။


ဒီလိုနဲ့ CRPH ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းကြောင်း ကြေငြာလာခဲ့တယ်။ National Unity Government ကိုဖွဲ့စည်းတယ်။


အမျိုးသားညီညွတ်ရေး အစိုးရ ဆိုတာမျိုးဟာ ပြည်တွင်းစစ်ဖြစ်နေချိန်၊ နိုင်ငံတော်အရေးပေါ်ကာလအချိန်တွေမှာ ဖွဲ့စည်းလေ့ရှိတဲ့ အစိုးရအမျိုးအစား ဖြစ်ပေမယ့် CRPH အနေနဲ့ အခြေခံဥပဒေဖျက်သိမ်းခြင်းကို ရှောင်ခဲ့သင့်သလို National Unity Government ဆိုတဲ့ အမည်နာမအစား၊ Republic of the Union of Myanmar ဆိုတဲ့ ယခင်နာမည်နဲ့သာ နိုင်ငံတကာဆက်ဆံရေးမှာ တတိယမြောက်ရွေးကောက်ခံအစိုးရအဖြစ် ပုံစံဆက်လက်တည်ရှိခဲ့သင့်ပြီး၊ အစောပိုင်းမှာ EAOs (တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ) ကို ပြည်ထောင်စုကာကွယ်ရေးနဲ့ စစ်ဆင်နွှဲရေးမှာ ထိပ်တန်းနေရာများမှ ဦးဆောင်ဖို့ ရှိစေပြီး (ဖြစ်အောင် စေ့စပ်ညှိယူပြီး) တချို့ပြည်နယ်များကိုလည်း တိုင်းရင်းသားများ ဆန္ဒအရ ဗမာလူမျိုးစုပြည်နယ်များ အဖြစ်ဦးစွာအလျင်အမြန်သတ်မှတ်ကာ ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်း လူမျိုးစုများ စုပေါင်းတပ် National Alliance ဖွဲ့စည်းရမှာပါ။


အဲ့ဒီအခါမှသာ သမိုင်းကြောင်းအစဥ်အလာတည်မြဲနေတဲ့ တိုင်းရင်းသားသမဂ္ဂ တွေရဲ့ လူမျိုးစုခေါင်းဆောင် တွေကို ညီညွတ်ရေးအစိုးရ မှာ ထည့်သွင်းဖွဲ့စည်းပြီး ပြည်ထောင်စုစစ်တပ်ကို ထူထောင်ခွင့် ရနိုင်မှာလည်းဖြစ်တယ်။ ဒီခေတ်ဟာ အရာအားလုံးဟာ restoration ဖြစ်သွားတယ်။ နိုင်ငံရေးအတွေးအခေါ် ကအစ ဒီမိုကရေစီရှုထောင့်တစ်မျိုးတည်းမဟုတ်ဘဲ သင့်လျော်နိုင်တဲ့ ဝါဒအထိ စဥ်းစားနိုင်တာမျိုးတွေပါ

ဖြစ်သွားတယ်။ ဒီအချိန်မှာ ဘုံရန်မှန်းချက် တူညီနေရိုး မှန်ကန်ခဲ့လျှင် အဖွဲ့အစည်းတွေဟာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပြီး ၊ ကူမှရပါမယ်။ ရန်ကုန်မှာကြီး အရွယ်ရောက်ပြီး ကချင်ပြည်ကိုယ်စားပြု စာစီစာကုံးသွားပြိုင်တာမျိုးဆိုရင် အဓိပ္ပါယ်မရှိပါဘူး။ ဒီသဘောမျိုးကို ပြောချင်တာပါ။


တဖက်အိမ်နီးချင်းနိုင်ငံများကို မင်းအဆက်ဆက် ကျူးကျော်နေတဲ့ ကုန်းဘောင်ခေတ်အလွန်၊ ဗြိတိသျှတွေလာသိမ်းတော့မှ ကိုလိုနီဘဝရောက်ခဲ့ရတဲ့ British Burma, ဂျပန်ခေတ်အတွင်း ဒေါက်တာဘမော်ရဲ့ State of Burma, လွတ်လပ်ရေးရလာတော့ ဦးနုရဲ့ Union of Burma , နောက် ပထမစစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဗိုလ်ချုပ်နေဝင်းရဲ့ Socialist State of Burma, နောက် န.ဝ.တ Myanmar ခေတ် ၊ န.အ.ဖ Myanmar ခေတ် စစ်ကောင်စီတွေ၊ ဒါတွေပြီးလာတော့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲရလဒ်ကနေ Republic of The Union Of Myanmar ခေတ် ... အခု ဒုတိယစစ်အာဏာသိမ်းမှု ... SAC စစ်ကောင်စီခေတ် (အပြိုင်) NUG ခေတ် မှာ ကျနော် သိလာရတဲ့ ခံစားမှုကတော့ ... တိုင်းရင်းသားလူမျိုးစုများကို ကိုယ်ချင်းစာနားလည်လာမှုနဲ့အတူ

ဗမာအစိုးရ နဲ့ ပြည်ထောင်စုအစိုးရ ဆိုတာ လက်တွေ့မှာတင်မက အဓိပ္ပါယ်မှာတင် ဘယ်လောက် ကွာခြားတယ်ဆိုတာတွေအထိ သိမြင်လာပါတယ်။ ပဋိပက္ခများ အမြန်ချုပ်ငြိမ်းသွားပါစေ။ တိုင်းရင်းသားလူမျိုးစုပေါင်း ညီညွတ်သော နိုင်ငံတော်သစ် အမြန်တည်ဆောက်နိုင်ပါစေ။


📝yktm


Comments


bottom of page