ကာလတခုတည်းကို ကွက်ကြည့်ရင်တော့ အတက်-အကျ ကြမ်းမယ်။
- ယံ

- Jun 16, 2021
- 1 min read
Updated: Jun 18, 2021
Ronaldo က သတင်းစာရှင်းလင်းပွဲမှာ Product Placement ကြော်ငြာအနေနဲ့
တင်ထားတဲ့ သူ့ရှေ့က ကိုလာဘူးတွေဖယ်ပစ်လိုက်ပြီး ရေသန့်ဗူး မြှောက်ပြလိုက်တယ်။ အကျိုးဆက်က ဇွန် ၁၄-၁၅ ဆိုတဲ့ ၄၈ နာရီအတွင်းမှာ Coca Cola ဟာ
ရှယ်ယာတစ်စု ၅၆.၁ ဒေါ်လာ မှ ၅၅.၂၂ ဒေါ်လာ တန်ဖိုးလျော့သွားတယ်။
ရလဒ်အနေနဲ့ Coca Cola ရဲ့ Market Value အရ ဒေါ်လာ ၄ ဘီလီလျံနီးပါး အစုရှယ်ယာစျေးထိုးကျသွားတယ်။
(ဒီလိုသတင်းမှာဆိုရင် ပုံမှန်စာဖတ်သူတွေအနေနဲ့ "ဟာ ရိုနယ်ဒိုလိုဘဲကြီး ကြမ်းချက်
ကိုကာကိုလာတော့သွားပြီ။ ဒေါ်လာ ၄ ဘီလီလျံ အရှုံးပေါ်ပြီ" စသဖြင့် ...
စိတ်ထဲမှာ Coca Cola ဟာ Ronaldo ကြောင့် စီးပွားပျက်တော့မလို တွေးကောင်းတွေးမယ်။)
Business Industry မှာတော့ဒီလိုမဟုတ်ပြန်ဘူး။
Advertiser (ကြော်ငြာလုပ်ငန်းလုပ်သူ) တွေဘက်က ဒီသတင်းကိုဖတ်တဲ့အခါ ... ယူရို ၂၀၂၀ ဘောလုံးပွဲအတွက် စပွန်ဆာတွေပေးထားတဲ့ Coca Cola ရဲ့ Brand Reputation Index လို့ခေါ်တဲ့ ကုမ္ပဏီအမှတ်တံဆိပ်အပေါ် လူထုနဲ့ရှယ်ယာရှင်တွေ အမြင်ပြောင်းလဲမှု ဇယားကို ပြုစုကြမှာဖြစ်သလို ...
Stock Market Broker (စတော့ရှယ်ယာကစားတဲ့လူ) တွေကျတော့
ဇွန် ၁၀-၁၅ ဆိုတဲ့ ၅ ရက်ရဲ့ အတက်-အကျဇယားကို စာအများကြီးဖွဲ့မယ်မထင်ဘူး။
အခုကျွန်တော်ဒီစာရေးနေရင်း ... ၄ နာရီအတွင်းမှာပဲ Coca Cola ရဲ့ အစုရှယ်ယာစျေးဟာ 20 cent ပြန် တက်လာနေတယ်။

၂၀၂၁ ၊ ဖေဖော်ဝါရီမှ ယခုဇွန် ဒုတိယပတ်ထိ ချုံ့ကြည့်ရင်တော့ peak တစ်ခုကိုသွားနေသလိုထင်ရပြီး ၅ ရက်စာထဲ ချုံ့ကြည့်ရင်တော့ peak တစ်ခုကနေ ထိုးကျသွားသလိုထင်ရပါလိမ့်မယ်။
လွန်ခဲ့တဲ့ နှစ် ၄၀ (၁၉၈၁) မှ ဒီနေ့ (၂၀၂၁) ထိပြန်ယှဥ်ကြည့်ရင်လည်း ကိုကာကိုလာ စတော့ဟာ peak တစ်ခုကိုသွားနေတယ်လို့ ထင်နေရမြဲပါပဲ။
တချို့ အဖြစ်အပျက်တွေက ကာလတခုတည်းကို ကွက်ကြည့်ရင် အတက်-အကျ ကြမ်းပါလိမ့်မယ်။ တစ်ဦးတစ်ယောက်ကြောင့် ဖြစ်လာတဲ့ ပြဿနာရဲ့ အကျိုးဆက်ကို ကာလတစ်ခုတည်းမှာကွက်ပြီး ကြည့်ဖို့ ဆိုတာ ဒီခေတ် စာဖတ်ပုံဖတ်နည်း ပေတံတွေနဲ့ တိုင်းထွာရင် တံခါးပိတ်ဝါဒခေတ်မှာ စာဖတ်နေသလို မှောင်မိုက်ပါလိမ့်မယ်။

သတင်းမီဒီယာတွေဟာ "ဘ" ၆ လုံး ( who,whom,where,when,why,what) ကို
စီကာပက်ကုံး ခိုင်မာအောင် ဘယ်လောက်ရေးရေး၊ သတင်းရင်းမြစ်တစ်ပုဒ်ဟာ active (ကိုယ်တိုင်လိုက်တဲ့သတင်းလား)။
ဒီလိုမဟုတ်ဘဲ၊ ကွန်ပျူတာရှေ့မှာထိုင်ပြီး ဟိုလူမေး၊ဒီလူမေးနဲ့ သေချာမယ့် confirmation သတင်းကို ထိုင်စောင့်ပြီးမှ လူထုကို press ပြန်လုပ်နေတာမျိုး သတင်းပေးနေတဲ့ လူရဲ့ passive သတင်းတွေလားဆိုတာ ခွဲခြားရသလို ... (👆 ဒီအဆင့်က ... ပြည်သူတစ်ယောက်သတင်းဖတ်တဲ့အခါ critical reading သတင်းမှန်ကို ခွဲခြားစီစစ်ပြီး စောင့်ဖတ်တတ်ဖို့နည်းလမ်း ဖြစ်သလို)
အဲ့ဒီအဆင့်တွေထက်ပိုလာပြီး ပဋိပက္ခတွေ၊ အဖွဲ့အစည်းတွေရဲ့ ကိုယ်အမှန်-သူအမှား ဝိရောဓိ တွေမှာတိကျခိုင်မာတဲ့ အထောက်အထားကို ပိုလိုအပ်လာပြီဆိုရင်တော့ ဖြစ်စဥ်တွေ ၊ ဖြစ်ရပ်တွေကို Chronology ဆန်ဆန် ကြည့်ဖို့လိုတယ်ဆိုတာ ပြောချင်တာပါ။
Chronology ဆိုတာ ဖြစ်ရပ်အထောက်အထားတွေကို အချိန်ကာလတွေနဲ့ နှိုင်းယှဥ်သုံးသပ်ရတဲ့ လေ့လာမှုပုံစံပါ။
ဥပမာ၊ ကုန်းဘောင်ခေတ်တုန်းက မင်းတုန်းမင်းဟာ ဗြိတိသျှရန်မှ ကာကွယ်ဖို့ အမေရိကန်ကို စာလှမ်းပို့ ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက အမေရိကန်သမ္မတတွေက ဘယ်သူဖြစ်နေမလဲ။ အဲ့ဒီသမ္မတတွေ ဘာတုံ့ပြန်ခဲ့သလဲ ... သီပေါခေတ်ရောက်တော့ အမေရိကန်သမ္မတက ဘယ်သူလဲ၊ အမေရိကန်မှာဘာဖြစ်နေလဲ၊ မင်းတုန်းမင်း အကူအညီတောင်းခဲ့သလို လာမကူနိုင်တာ ဘာကြောင့်လဲ စသဖြင့် ပေါ့ ... 😐
📝yktm




Comments