ဘိုဟိန်း ၏ ၇၂ နာရီ
- ယံ

- May 19, 2017
- 5 min read
Updated: Jan 26, 2021
နာဂစ်မုန်တိုင်းမှစ၍ လူမှုရေး ပရဟိတအလုပ်များ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်လာခဲ့ရာမှ ကိုဘိုဘိုဟိန်းကို ရပ်ကွက်မှ ချစ်လာသည်။ ဘိုဟိန်း ဟု အပေါင်းအသင်း ဆွေမျိုးတသိုက်မှ ခေါ်ကြပြီး၊ ဘိုဟိန်း မှ တိတ် ဆို တိတ် ၊ ဟိတ် ဆို ဟိတ် အဆင့် ထိ နာခံမှု ဖြစ်လာကြသည်။ ယခုအခါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်လာသည်မှာ မဆန်းတော့ပါ။ .. ဘိုဟိန်း၏ စာကြည့်တိုက် အစီအစဉ်သည် အထမြောက်သည်ဟု ဆိုရပါမည်။ မြို့ပြ ခရိုနီ ဦးကျော်ကျော် ကိုယ်တိုင် မတည်ငွေ သိန်း ၂၀၀ ဖြင့် ထည့်ဝင် ပေးခဲ့သည်။ ရပ်ကွက်စာကြည့်တိုက်လေးအဖို့သိန်း ၂၀၀ မတည်ငွေမှာ တင့်တယ်သော ထည့်ဝင်အလှူ ငွေဖြစ်၏ မဖြစ်၏ ဆိုသည်မှာ ဘိုဟိန်းမျက်နှာပင် ကြည့်လော့ ... ပြုံး ဖြီးလျက်။ ... ***ကဲကဲ ရှက်မနေပါနဲ့ ၊သောက်လိုက်ပါ ၊ သောက်လိုက်ပါ *** ဦးကျော်ကျော်၏ ပါးနီနီရဲရဲ နှားရွက်တက်ချိတ်မတက် အပြုံးဖြင့် သောက်ပါ သောက်ပါ ဟူသော အရက်ခွက် ထည့်ပေးနေသည်မှာ ဘိုဟိန်း မျက်ခွက်နှင့် ၂ လက်မခန့်သာ ကွာတော့သည်။ ***သောက်မှာပါ ဆရာသမားရဲ့၊ အေးဆေးပေါ့*** ရီဝေဝေ လုံးထွေး ထွက်လာသော လေသံမှာ ဘိုဟိန်း၏ လေသံ။ ... [ခရိုနီဦးကျော်ကျော်နှင့်ဘိုဟိန်းတို့၏ Give & Take မှာ ရပ်ကွက်အောက်ပိုင်းရှိ စျေးကပ်လျက် လမ်းတိုအတွင်းရှိ တိုက်ခန်းတွင် လက်ရှိဖွင့်ထားသော မာဆက်ကို နောက်ထပ် ၁၂ လထိ အပူအပင်ကင်းကင်း ဆက်လက်ဖွင့်ပေးလိုသည့် တောင်းဆိုချက် အပေးအယူ ဖြစ်သည်] ... မနက်မှာစာကြည့်တိုက်ဖွင့်ပွဲ ကြိုးဖြတ်ဖွင့်ခဲ့သည့် ဘိုဟိန်းနှင့် ယခုညမှာ ရီဝေဝေ ဘိုဟိန်း၊ လူတူပေမယ့် အဖြူ နှင့် အမဲ ကဲ့သို့သော ဆန့်ကျင်ဘက် ဘိုဟိန်း နှစ်ယောက် လောကကြီးမှာ ရှိနေသည်လား ထင်မှတ်စဖွယ်။ ... ဘိုဟိန်း၏ ပေါင်ပေါ်တွင် ယနေ့ခေတ် အခေါ်အဝေါ် စကီ (ကောင်မလေး) နှစ်ယောက်ချိတ်ထားပေးသည်။ ဘိုဟိန်း မှာ ရုပ်ရည်ဖြောင့်ဖြောင့် ၊ ကိုယ်ထည် ခပ်တောင့်တောင့်နှင့် လူရည်လည်ပြီး ၊ ဆက်ဆံရေး ပြေပြစ်သည့်အပြင် စာဖတ်အားလည်း အင်မတန်ကောင်းသည်။ ခက်တာက ဘိုဟိန်းဟာ မိန်းမကိစ္စ ဝါသနာပါသည်။ မိန်းမနှင့်မြှားပေးလျှင် ဘိုဟိန်း မနေနိုင်။ သူ့အကြောင်းသူ သိ၍လည်း အသက် ၄၀ အရွယ် ဒီနေ့ထိတိုင် ဘိုဟိန်း မိန်းမမယူသေး၊ လူပျိုကြီးလုပ်၍ ပိုကောင်းသည်ဟု မကြာခဏ ဆိုစမြဲ။ ရပ်ကွက်ကလည်း ဘိုဟိန်းကို မိန်းမယူစေချင်ပါသည်။ ဒါပေမယ့် ဘိုဟိန်း မိန်းမယူလိုက်လျှင် ဖြူ ပြာ မေ အဆိပ်သောက်သေနိုင်သည်။ ဖြူ ပြာ မေ ဆိုသူမှာ ရပ်ကွက်၏ အသနားတော်ခံ၊ တစ်နည်းအားဖြင့် ရုပ်လေးချောသလောက် ၊ ဘိုဟိန်းကို တဖက်သက် လိုက်ကြိုက်နေရှာသည့် လဝကရုံးမှ စာရေးမလေး။ … ဒီတစ်ညအဖို့တော့ ဘိုဟိန်း စိတ်လွတ်ကိုယ်လွတ်ပျော်တော့မည်ဟု ဆုံးဖြတ်ထားမည် ထင်ပါသည်။ ရပ်ကွက်ထဲလည်း မဟုတ်၊ မြို့တစ်ဖက်ကမ်းမှ မြို့သစ်စီမံကိန်းအနီး ဦးကျော်ကျော်ပိုင်ဆိုင်သည့် တည်ခိုခန်းတွဲလျက် စားသောက်ဆိုင်ကြီးတွင်မဟုတ်ပါလော်…။ … ဘိုဟိန်း အဝ သောက်သည်၊ ပျော်သည် ၊ သို့သော် အိပ်၍ မပျော်သေး၊ ကုတင်ပေါ်တွင် စကီးနှစ်ယောက် နှင့်သူ ဘယ်လိုမှ မအိပ်နိုင်။ (ဒါတော့ နည်းနည်းလွန်သွားပြီ ဘိုဟိန်း၊ စကီတစ်ယောက်ဆိုတော်သေး) တလောကလုံး အမှောင်ဖုံး၏ မဖုံး၏ ၊ လင်း၏ မလင်း၏ ယခုအချိန်မှာ ဘိုဟိန်းနှင့်မဆိုင်။ မနက်မိုးလင်းလို့ရုံးချိန်မှန်ဖို့တော့ သူသိပါလိမ့်မည်။ … ကဲ အိပ်ပေတော့ ဘိုဟိန်း …။ … ဘိုဟိန်း အိပ်ရေးဝသည်။ ဘိုဟိန်း ခေါင်းလည်း မကိုက်ပါ။ အရက်နာလည်း မကျ။ အောင့်သိုးသိုး အနံ့ရနေသည်မှ လွဲ၍ပေါ့။ … ဘိုဟိန်း မျက်လုံးအစုံကို ပြူးပြဲဖွင့်ချင်းပင် တလောကလုံးဟာ ဘိုဟိန်းအတွက် အင်မတန်မှကျယ်ပြန့်လွန်းလှသည်။ ဘိုဟိန်းနားထဲ ကားဟွန်းသံတွေ ဆူနေသည်။ ငါးညှီနံ့တွေ၊ ဖုန်မှုန့်များနှင့် သူ့ခန္ဓာတစ်ခုလုံး နေလောင်ခံထားရသလို ခံစားရနေရသည်။ သူ့မျက်နှာသူ ကြည့်ဖို့မှန်ပင်မရှိ၊ ဘိုဟိန်းတစ်ယောက် လမ်းဘေးတွင် စွန့်ပစ်ခံထားရသည်။ … ဘိုဟိန်း အလူးအလဲ ထသည်။ သူ မတ်တပ်ရပ်၍ မရ … ကြိုးစား၍ ရုန်းကန်ထကြည့်သည်။ ဘယ်လိုမှမဖြစ်နိုင်။ သွားပြီ … ဘိုဟိန်း ကမ္ဘာတစ်ခုလုံး သွေးပျက်ခြောက်ခြားဖွယ်… သူ့လက်များသူ ကြည့်မိရာ ၊ ခွေးတစ်ကောင်၏ လက်၊ သူ့မျက်နှာသူ စမ်းကြည့်ရာ ၊ ခွေးတစ်ကောင်၏ နှုတ်သီး … ဘိုဟိန်း အလူးအလဲ အော်သည် ( အူ ဝူး ဝူး ဝူး …. ) ခွေးသံသာ ထွက်လာသည်။ … အသည်းမာသည့် ဘိုဟိန်း ခုတော့ ခွေးဘဝနှင့် မျက်ရည်ကျရပြီ။ … ဒါပေမယ့် ဘိုဟိန်းစဉ်းစားသည်။ **ငါ့ကိုယ်ငါ သိနေတယ်လေ၊ ငါအရာအားလုံးမှတ်မိနေတယ်လေ၊ ဒါဘာဖြစ်တာလဲ… အိပ်မက်လား အိပ်မက်လား …. အိပ်မက်ဆိုရင် နိုးကွာ နိုးတော့ *** ( အူ ဝူး ဝူး ဝူး …. ) ဘိုဟိန်း ဘယ်လောက် ညည်းညည်း ခွေးကိုယ်မှ ခွေးအူသံပင် ထွက်လာသည်။ … အနီးအနားမှ လူတစ်ယောက်ဖြတ်သွားသည်။ ဘိုဟိန်းကို မထီမဲ့မြင်ပြု ၊ ရွံ ကြည့်ကြည့်၍ ဖြတ်လျှောက်သွားသည်။ … ဘိုဟိန်းအကြံရပြီ။ **ဒါအိပ်မက်မှန်လျှင် ငါနိုးလာမှာပဲ… ဒီတော့… ကားတိုက်ခံရမယ်*** ဘိုဟိန်း ကားလမ်းမကြီးပေါ်ပြေးတက်ပြီး အတိုက်ခံဖို့ ကြိုးစားချိန်မှာပင် ကောင်မလေးတစ်ယောက်မှ ဘိုဟိန်းကို ပွေ့ယူပြီး ကယ်တင်ခံလိုက်ရသည်။ … ပွေ့ယူခံရသည့်အချိန်မတိုင်ခင် ဘိုဟိန်းမျက်နှာအနီး ကားကပ်လာချိန်မှာ ဘိုဟိန်း ခွေးဘဝမှာပင် ကားတိုက်ခံ သတ်သေဖို့သတ္တိနည်းသေးမှန်း သူ့ကိုယ်သူ နားလည်လိုက်ပါသည်။ … ***ဟူး…မောလိုက်တာ… ကိုဘိုဟိန်းရယ်…*** ဟု ဘိုဟိန်းကို ဝင်ကယ်လိုက်သည့် (လူ)မိန်းကလေးမှ စကားပြောလာသည်။ … **နင် ငါ့ကို စကားပြောတယ် နင်ကြားတယ်လား** ဘိုဟိန်းမှ ထိုမိန်းကလေးကို စကားပြန်ပြောသော်လည်း (အူ ဝူး ဝါး ဝု ဝု … ) ခွေးစကားသံသာ ထွက်နေသည်။ … နင်ဘာပြောလည်း ငါမသိဘူး … ဒါပေမယ့် နင်နဲ့ငါ နှစ်ယောက် ဆက်သွယ်လို့ရတဲ့အတွက် ငါဝမ်းသာပါတယ်။ (လူ)မိန်းကလေးမှ ဘိုဟိန်းကို ပြုံးပြနှုတ်ဆက်နေသည်။ … **ဝမ်းသာမနေနဲ့ဟဲ့… ငါမျက်ရည်တွေအတောင့်လိုက်ကျနေတာ နင်မြင်လား** (အူ ဝူး ဝါး ဝု ဝု ) .. ခွေးစကားသံသာ ထွက်နေသည်။ … ဘိုဟိန်း သူ့ကို ကယ်လိုက်သည့် မိန်းကလေးကို သေချာစူးစိုက်ကြည့်သည်။ မြင်ဖူးသလိုလိုရှိ၍ ဘိုဟိန်းမရမက စဉ်းစားသည်။ ** ပူစူး … ပူစူး မ … နင်ဟာ ပူးစူးမ ပဲ *** (အူဝူးအူဝူးဝူး ) … ဘိုဟိန်းပါးစပ်မှခွေးစကားသံများသာဆက်လက် ထွက်လာပြီး ထိုမိန်းကလေးမှာ ပူစူးမ မှန်း ဘိုဟိန်း သိလျှင် သိချင်း တချိုးတည်း လစ်ပြေးဖို့ဆုံးဖြတ်လိုက်သည်။ … ကိုဘိုဟိန်း… ကိုဘိုဟိန်း မပြေးပါနဲ့ငါ နင့်ကို ရန်မပြု ပါဘူး (မိန်းကလေးမှ ဘိုဟိန်းကို လှမ်းခေါ်သည်) … ပူစူးမ ဆိုသည်မှာ လွန်ခဲ့သည့် ၁၄ ရက်ခန့်မှ သဂြိုင်္လပြီး၍ ရက်လည်ထားသော ကွယ်လွန်ပြီးသူ အသက် ၁၅ နှစ်အရွယ် ကချင်မလေးဖြစ်ပါသည်။ … ကိုဘိုဟိန်း ငါနင့်ကို ရန်မပြု ပါဘူး ၊ မကြောက်ပါနဲ့ (ပူစူးမ မှ ဘိုဟိန်းနောက်သို့အဆက်မပြတ်လိုက်သည်) ပူစူးမ မှာ လေကဲ့သို့ပေါ့ပါးလွန်းလှသည်။ (ခွေး)ဘိုဟိန်း မှာတော့ လျှာထွက်၊မောဟိုက်နေပြီ။ … ပူစူးမ မှ ဘိုဟိန်း ရှေ့မှ ပိတ်ရပ်ပြီး … **ကိုဘိုဟိန်း… ရပ်လိုက်တော့*** ဟု စူးစူးဝါးဝါး အော်လိုက်သည်။ … ခွေး ဘဝမှာ သရဲအခြောက်ခံနေရသည့် ဘိုဟိန်းအဖို့ အတွေ့အကြုံ နုနယ်သေး၍ ခွေးမျက်နှာငယ်လွန်းလှပြီ။ … မထူးတော့၊ အိပ်မက်ဟုသာ ပစ်ယုံပြီး ရင်ဆိုင်ကြည့်မယ်ဆုံးဖြတ်ပြီး ဘိုဟိန်းပြေးနေရာမှ ရပ်လိုက်ပါသည်။ … **ကိုဘိုဟိန်း နင့်အကူအညီ ငါတကယ်လိုတာပါ…. ငါ့ကို ကူညီပါဟာ ကိုဘိုဟိန်းရယ်*** ပူစူးမမှ မျက်နှာငယ်ဖြင့် အကူအညီတောင်းနေပါသည်။ … **ဟုတ်ပြီ… ဟုတ်ပြီ… ပြောတော့ နင်ဘာအကူအညီလိုလဲဆိုတာ*** (ဝုတ် ဝုတ် … ဝူး …ဝူး ) ဘိုဟိန်းနှုတ်မှ ခွေးသံပင်ထွက်ဆဲ။ … **ငါ သေတာ ငါ့ကိုယ်ငါသတ်သေတာ မဟုတ်ဘူး ကိုဘိုဟိန်းရဲ့… ငါ့ကို သူ သတ်လိုက်တာ …. သူငါ့ကို သတ်လိုက်တာ ကိုဘိုဟိန်း*** ပူစူးမ မျက်ရည်များဝဲလာပြီး သူ့ကိုယ်သူ သတ်မသေကြောင်းရင်ဖွင့်လာသည်။ … ပူစူးမမှာ လွန်ခဲ့သည့် ရက် ၂၀ ခန့်၌ ၎င်း၏နေအိမ်တွင် အိပ်ပျော်လျက် သေဆုံးနေသည့် ဆယ်တန်းကျောင်းသူလေးဖြစ်သည်။ နယ်မှ မြို့တက်လာကာ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး လျှင် သူနာပြု ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားချင်သူဖြစ်တဲ့အကြောင်း ပြောပြဖူးသည်ကိုလည်း ဘိုဟိန်း ပြန်စဉ်းစားမိသည်။ … ပူစူးမ သေဆုံးသည့်အခါ ရင်ခွဲစစ်ကြည့်ဖို့သူ့၏ အဒေါ်မှ သဘောတူခဲ့၍ ရလဒ်အဖြေမှာအိပ်ဆေးများ အလွန်အကျွံ သောက်သုံး၍ ဖြစ်ကြောင်းသိခဲ့ရသည်။ ထို့ကြောင့် ပူစူးမ မိမိကိုယ်ကို သတ်သေခဲ့သည်ဟု အားလုံးလက်ခံထားကြသည်။ ယခု (ခွေး)ဘိုဟိန်းဘဝ ရောက်သည့်အချိန် ပူစူးမ(တမလွန်ဘဝ)နှင့်လာရောက် ဆုံနေရသည့်အခါ သူ့ကိုယ်သူ သတ်သေသည်မဟုတ်သည့်အကြောင်း သိရသောအခါ … ဘိုဟိန်း ဘာလုပ်ပေးနိုင်ပါ့မလဲ၊ ဘိုဟိန်း အဖြစ်ချင်ဆုံးဆန္ဒမှာ ခွေး ဘဝမှ လွတ်မြောက်ချင်နေပါပြီ။ … **ငါ့ကို ကိုလေး သတ်လိုက်တာ၊ သိလား ကိုဘိုဟိန်း** ပူစူးမ ဆက်ပြောနေသည်။ (ခွေး)ဘိုဟိန်း မှ ညာဘက် မျက်စောင်းထိုးအနီး နေရိပ်သည့် ဓါတ်တိုင်အနီးသို့နေရာရွှေ့လိုက်သည်။ ခွေးကိုယ်ထဲ နေရသည်မှာ အလွန်ပူလှသည်ကို ဘိုဟိန်းခံစားနေရပါသည်။ … ကိုလေး ဆိုသူမှာ ရပ်ကွက်၏ စာပေဟောပြောပွဲများတွင် ဦးစီး ဦးရွက် စီစဉ်ပေးသူ ဖြစ်သည်။ ရုပ်ရှင်လောကနှင့်လည်း မစိမ်း၊ စာရေးဆရာ အပေါင်းအသင်းများလည်း အတော်စုံသူဖြစ်သည်။ ထိုကဲ့သို့သော လူမှာ ပူစူးမလေးကို သတ်သည်ကို နားလည် လက်ခံပေး၍မရ။ … **ကိုဘိုဟိန်း ပူစူးမ ခိုင်းတာကို ကူညီမယ်ဆိုရင် အခုဖြစ်နေတဲ့ ခွေးဘဝကနေ ၇၂ နာရီအတွင်း လွတ်အောင် ပြန်ကူညီပေးမယ်*** ပူစူးမ မှ ဘိုဟိန်း အတွက် မျှော်လင့်ချက်စကား ပြောလိုက်ရာ ဘိုဟိန်း မျက်မှောင်ကျုံ့စိတ်ပျက်ရာ (ခွေး)မျက်နှာပေးမှ စပ်ဖြဲဖြဲ လုပ်နိုင်တော့သည်။ … ** နင်တို့အခု ဖွင့်တဲ့ စာကြည့်တိုက်အနောက်ဘက် ဘူးပင်တွေရှိတဲ့ စိုက်ခင်းလေးသိတယ်မဟုတ်လား၊ အဲ့ဒီစိုက်ခင်းရဲ့အလယ်တည့်တည့်မှာ ငါ မြုပ်ထားတဲ့ သက်သေခံပစ္စည်းလေးရှိတယ်၊ အဲ့ဒါကို နင်ရအောင် သွားတူးပြီး ငါ့အဒေါ်လက်ထဲ ရောက်အောင် ထည့်ပေးပါနော်** ပူစူးမ၏ စေခိုင်းချက်မှာ လွယ်မယောင်နှင့် နက်သည်။ အဘယ်ကြောင့်ဆိုသော် စာကြည့်တိုက်အနောက်ဘက် ဘူးပင်စိုက်ခင်း ထဲမရောက်ခင် ဝင်တိုးစရာ အကွက်မရှိ၊ စာကြည့်တိုက်ရှေ့အပေါက်ဝမှ တိုက်ရိုက်ဝင်တိုးမှ ပဲ ရမည် ။ သို့မှသာ စာကြည့်တိုက် နောက်ဖေးမှတဆင့် အဲ့ဒီစိုက်ခင်းကို ရောက်မည့်ပုံ။ သို့မဟုတ်ရင် ဘေးပတ်လည်ဝိုင်းနေသည့် ရေမြောင်းထဲ ကူးသွားပြီး ယူရမည်မှာလည်း မဖြစ်နိုင်။ … **အဲ့ဒီ သက်သေခံပစ္စည်းက ကိုလေးနဲ့ငါ နှစ်ယောက်အတူ တည်းခိုခန်းမှာ ရှိတုန်းရိုက်ခဲ့ကြတဲ့ ဓါတ်ပုံတွေကို သိမ်းထားတဲ့ ဖုန်းမန်မိုရီကဒ်လေးပါ … ၊ အဲ့ဒါလေး ကို ပလတ်စတစ်အိတ်နဲ့သေချာ ထုပ်ပြီး မြေမြုပ်ထားတယ်.. ယူပေးပြီး ငါ့အဒေါ်ကို ပို့ပေးပါနော်** ပူစူးမ ၏ မျက်နှာကို ယခုမှ ဘိုဟိန်းသေချာကြည့်မိသည်။ ဝတ်မှုန်ရွှေရည်အလား၊ နှုတ်ခမ်းထော်ပြီး အကူအညီတောင်းနေရှာသည်။ … **ကိုလေး ၊ ဒီလူမလွယ်ပါလား၊ လူကြည့်တော့ မခုတ်တတ်တဲ့လူလိုလို၊ လက်စကတော့ မသေး … ပူစူးမ ပြောနေတာလည်း ဟုတ်မဟုတ်မသိ၊ လောလောဆယ် ငါ့အတွက် ခု ခွေးဘဝ ရောက်နေတာရော ဒင်း သရဲမကိုပါ တွေ့နေရတာက အိပ်မက် မဟုတ်တာတော့သေချာနေပြီ သူပြောသလို ၇၂ နာရီအတွင်း ခွေးဘဝလွတ်အောင်ကူမယ်ဆိုတော့ ၇၂ နာရီအတွင်းမှ ငါမလုပ်ပေးရင် တစ်သက်လုံးခွေးဘဝမှာပဲနေရတော့မယ့် သဘောများလား*** (ခွေး)ဘိုဟိန်းမှာ ဘယ်တပြန်၊ညာတပြန် လျှောက်၍ စဉ်းစားနေသည်။ … **ကိုဘိုဟိန်းမကူညီရင် … ပူစူးမလည်း ကိုဘိုဟိန်းကိုမကယ်နိုင်တော့ဘူး** ပူစူးမ ပြောလိုက်သည့်စကားကြောင့် ၇၂ နာရီအတွင်းမှ သူပြောတာမလုပ်ပေးလျှင် ကိုယ်လည်း တသက်လုံးခွေးပဲဖြစ်နေတော့မှာ သေချာနေပြီ။ … **ဟုတ်ပြီဟုတ်ပြီ၊ကူမယ် ပူစူးမ အခုပဲ သွားယူပေးမယ်*** (ဝုတ်..ဝုတ်…ဝုတ်) ဘိုဟိန်းဆီမှ ခွေးသံပဲ ဆက်လက်ထွက်စမြဲ။ … [ဘိုဟိန်းစိတ်ထဲ သတိကပ်မိသည်] ရပ်ကွက်ထဲ ခွေးလေခွေးလွင့်ရှင်းလင်းထားတဲ့ကိစ္စ မကြာသေး။ ခုလို နေ့ခင်းကြောင်တောင်ကြီး ပေါ်ပေါ်ထင်ထင် စာကြည့်တိုက်နားကပ်သွားရင် ရိုက်လွှတ်မှ ခွေးဘဝနဲ့အရိုးကြေ ဂိလာန ဖြစ်ရင် တက်ကုစရာ ဆေးရုံလည်း ရှိမှာမဟုတ်ဘူး။ ၇၂ နာရီလည်းမမီနိုင်တော့ဘူး။ စဉ်းစား … စဉ်းစား … ဘယ္လို သြားယူမလဲ၊ (စဉ်းစားရအလွန်ကြပ်သည်၊ ခွေးဘဝရောက်သွား၍ အိုင်ကြူ နည်းနည်းနိမ့်သွားသလားဟု ဘိုဟိန်းညည်းမိ၏) … အာ ဟုတ်ပြီ … မောပန်းပြီး ရေဓါတ်လိုနေတဲ့ အဆိပ်မိနေသလိုလို ဟန်ဆောင်လိုက်ရင် စာကြည့်တိုက်စောင့် ဖီးကြမ်းတစ်ယောက် ငါ့ကို ဘူးခြံတင်မကဘူး၊ ဘူးခြံအနောက်က မြေကွက်လပ်ထဲ ခေါ်ထားမှာ သေချာတယ်။ဒါဆို သူခဏလစ်တာနဲ့ငါသွားတူးပြီး ယူလိုက်ရုံပဲ ကဲ အကြံသိပ်ပိုင်သဗျာ … (ခွေး) ဘိုဟိန်း အမြီးတနှံ့နှံ့နှင့် ပတ်ချာလည်လှည့် ပျော်နေသည်။ … ထို့နောက် စာကြည့်တိုက်ရှိရာသို့အပြေးနှင်တော့သည်။ လမ်းတလျှောက်သူ မြင်ခဲ့ရသည်မှာ မင်္ဂလာချည်းတော့မဟုတ်။ ခွေးပိန်မကြီး လျှာထွက်သေနေသည်ကို မြင်ခဲ့ရသေးသည်။ လက်ချက်မှာ ဘယ်သူ့လက်ချက်မှမဟုတ်။ ဘိုဟိန်း၊ ကျုပ်ဘိုဟိန်းလက်ချက်ပါဗျာ … စိတ်မကောင်းပါဘူး တကယ်စိတ်မကောင်းပါဘူး။ … နေလည်း အလွန်ပူလှသည်။ ဘိုဟိန်းရောက်နေသည်မှာ တံတားဖြူနား… စာကြည့်တိုက်နှင့်ဆိုရင် အတော်လှမ်းသေးသည်။ ခွေးဖြစ်နေ၍ တက္ကစီငှားမရ၊ ငှားရလျှင်လည်း ပိုက်ဆံဆိုတာ မရှိ၊ ခွေးနှင့်မဆိုင်၊ သိပ်ဆိုးလှတဲ့ကံ ၊(ခွေး)ဘိုဟိန်းကံပေါ့ဗျာ … … တလမ်းလုံး ခွေးဘဝ အမြန်ကျွတ်ရဖို့စဉ်းစားလိုက်၊ ပူစူးမ ခိုင်းထားတဲ့ ဘူးခြံကို ပြေးမြင်ယောင်လိုက်နဲ့၊ ဘိုဟိန်းရဲ့ရေအိုးစင် ရပ်ကွက်ထဲတော့ ဝင်လာပါပြီ။ … ရေအိုးစင်ရပ်ကွက်မှာ ဘိုးဟိန်းစနက်မသေးလှ၊ ခွေးမြင်လျှင်၊ သရဲဘီလူးစီးနှယ်၊ ခဲထုသူထု၊ ခြောက်လှန့်သူ ခြောက်နဲ့၊ ၀ရမ်းပြေးတစ်ယောက် ရွာထဲဝင်လာလို့ ရွံ ကြောက် ကြောက်ခံရသလို ဖြစ်နေသည်။ … ပုံမှန်အတိုင်းဆိုရင် ဒီအချိန် ရပ်ကွက်ထဲ သူစိမ်းခွေးတစ်ကောင်ဝင်လာလျှင် တရပ်ကွက်လုံး နားညည်းမတတ် ခွေးကိုက်ပွဲများ ကြားရစမြဲ။ ယခုဘိုဟိန်း၏ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် ရပ်ကွက်အတွင်း ခွေးမျိုးတုံးလုနီးပါး။ (ခွေး)ဘိုဟိန်း ပြေးဝင်လာနေသည်ကိုပင် ခွေးရူးတစ်ကောင် ဝင်လာသလိုပင် ရပ်ကွက်နေလူများမှ ကြောက်လန့်နေကြသည်။ … မလှမ်းမကမ်းတွင် စာကြည့်တိုက် ဆိုင်းဘုတ်ကိုမြင်နေရပါပြီ။ ***ဘိုဟိန်း … မင်းတော်တယ် ဘိုဟိန်း*** (အ ဝု ဝူး ဝူး ) ခွေးသံဖြင့် မိမိကိုယ်ကို ဘိုဟိန်း ချီးကျူးလိုက်သေးသည်။ … ကဲ (ခွေး)ဘိုဟိန်းတို့အကယ်ဒမီ ရှော့ရတော့မည်။ စာကြည့်တိုက်ရှေ့တည့်တည့်မှာပင် ရေဆာနေသည့်ခွေးလို လျှာထုတ် မောဟိုက်ပြရမည်။ မကြာခင် စာကြည့်တိုက်စောင့် ကိုဖီးကြမ်းကြီး လာသယ်သွားမှာသေချာသည်။ … ဗျင်း…ဗျင်း…ဗျင်း …. (ခွေး)ဘိုဟိန်း၏ အနီးမှ ဆိုင်ကယ်တစ်စီးဖြတ်သွားသည် ထို့နောက် ဆိုင်ကယ်ပေါ်မှလူသည် …. (ခွေး)ဘိုဟိန်း၏ ဦးခေါင်းအား အဆမတန်စွာ သံပိုက်ဖြင့် ရိုက်ချလိုက်တော့သည် … ကိန် ကိန် ကိန် … အီအီ (ခွေး ဘိုဟိန်း အတော် နာကျင်သွားပါသည်) ဦးခေါင်းထက်မှ သွေးများ ယိုစီးလာသည်။ … နာလိုက်တာဗျာ နာလိုက်တာ … (အီအီအီ…) နာကျင်ညည်းညူသံအဆက်မပြတ်ထွက်လျက် … ဆိုင်ကယ်ပေါ်မှ မည်သူမည်ဝါမှန်း ဘိုဟိန်းမမြင်တော့ အတော်မူးဝေ ထုံးထိုင်းနေပါသည်။ **ခဏစောင့်ထားလိုက်၊ သူ့ဘာသာသေသွားလိမ့်မယ်၊ ဘယ့်နှယ်၊ ခွေးရူးဝင်လာတာ ကလေးတွေကံကောင်းလို့*** မည်သူအသံမှန်း ဘိုဟိန်းသေချာမခွဲခြားနိုင်တော့… သူ့ကို ခွေးရူးမှတ်ပြီး ရိုက်ချလိုက်ကြပြီ။ … ဒီအချိန်မှာ သရဲမပူစူးမ ဆိုသည်မှာလည်း ရောက်မလာ … သူယူခိုင်းသည့် ပစ္စည်းလည်း မယူနိုင်တော့ဘူး။ ခွေးဘဝ အိပ်မက်က မြန်မြန်နိုးထပါတော့ဟု ဘိုဟိန်း ညည်းတွားနေသည်။ (အီအီအီ….) … မကြာခင်မှာပဲ ဘိုဟိန်း၏ ကမ္ဘာတစ်ခုလုံး အမှောင်ကျသွားသည်။ ဒီတခေါက် တလောကလုံး အမှောင်ဖုံးသွားခြင်းသည် ဘိုဟိန်း အတွက် အဖိုးမဖြတ်နိုင်။ မကြာခင် သူအိပ်မက်မှနိုးထတော့မည်။ … [ ဘိုဘိုဟိန်း အသက် (၄၀) မှာ ကွယ်လွန် အနိစ္စရောက်သွားပြီဖြစ်သည်။ စာကြည့်တိုက်ဖွင့်ပွဲကျင်းပခဲ့သည့်နေ့ရက် ၊ ညဘက်တွင် ဦးကျော်ကျော်၏ ဟိုတယ်တွင် လေဖြန်းပြီး ကိုယ်တခြမ်းသေကာ ဦးနှောက်သွေးကြောပြတ် အသက်မဲ့ခဲ့သည်ဟု ဆရာဝန်၏ သေဆုံးကြောင်းထောက်ခံစာမှ ဖော်ပြထားသည်။ ယနေ့သည် ဘိုဘိုဟိန်းကို သဂြိုင်္လပြီး၍ ရက်လည်သည့်နေ့လည်းဖြစ်ပါသည် ] **စာကြည့်တိုက်နားဘာဖြစ်တာလဲ၊ ကိုဖီးကြမ်း*** ဘိုဘိုဟိန်း၏ နာရေးသို့ရောက်နေသည့် ကိုလေးမှ ဖီးကြမ်းကို မေးခြင်းဖြစ်သည်။ … ဘယ်က ခွေးရူးရပ်ကွက်ထဲဝင်လာလည်းမသိဘူး ကိုလေးရာ ကျွန်တော် ရိုက်သတ်လိုက်ပြီ … ***သြော် စိတ်မကောင်းလိုက်တာဗျာ … ကိုဖီးကြမ်းရာ နောက်ဆို … ကျွန်တော်တို့ကျင်စက်ဖြစ်ဖြစ်ဆောင်ထားရရင် ကောင်းမယ်…ဒီလိုအရှင်လတ်လတ် ရိုက်သတ်လိုက်တာတော့ စိတ်မကောင်းဘူးဗျာ *** ကိုလေးမှ ခွေးရူးကို ရိုက်သတ်ခဲ့သည့်အပေါ် မှတ်ချက်ပေးနေပါသည်။ … လွန်ခဲ့သည့် ၁၀ ရက်ခန့်၌ ရပ်ထဲရွာထဲ လှုပ်ရှားသွားလာနေသည့် ကိုဘိုဟိန်းပုံရိပ်များကို တရပ်ကွက်လုံး အောက်မေ့တသ ရှိနေကြသည်။ နှမြောတသ ငိုရှာလို့မဆုံးသူမှာ ဖြူ ပြာမေ။ … ***သြော် မောင်ဘိုဟိန်းတစ်ယောက် ရုတ်တရက်ဆုံးသွားတာကိုမြင်ရတော့လည်း သမီးလေး ပူစူးမ သတ်သေတာကိုလည်း ဒီနေ့ထိ မယုံနိုင်သေးတာ သံဝေဂ ရတယ် မောင်ကိုလေးရယ်*** ပူစူးမ၏ အဒေါ်မှ ပဲကြီးလှော်ဝါးရင်း၊ ယပ်ခတ်ရင်း ငေးမော ညည်းသည်။ … ကိုလေးမှ ပူစူးမ ဟုနာမည်ကို ကြားလိုက်ရသည့်အခါ … မျက်နှာအနည်းငယ် ပျက်သွားသည်မှလွဲ၍ … နာရေးဖဲဝိုင်းတွင် တက်လာသော ဖဲတစ်ချက်ကို သူပွတ်လိုက်သည့်အခါ ဂျိုကာ အနီရောင်မှ ပြုံး ပြ နေ ပါ၏ ။ …The End… လေးစားစွာဖြင့် ယံ ၁၉-၅-၂၀၁၇


![[ မြေအောက်ခန်း ] - Fiction -](https://static.wixstatic.com/media/a31a81_c23fbb99d5a344d2819585916b706106~mv2.jpg/v1/fill/w_852,h_852,al_c,q_85,enc_avif,quality_auto/a31a81_c23fbb99d5a344d2819585916b706106~mv2.jpg)
Comments