Better HR Cloud Platform
- ယံ

- Nov 9, 2021
- 1 min read
Better HR ဟာ ကိုဗစ်ကာလအတွင်းမှာပဲ apps ကို အသုံးပြုတဲ့ပမာဏဟာ ၄ ဆ တက်သွားပြီး ၂၀၂၁ ရဲ့ နှစ်ဝက်ကိုရောက်လာတဲ့အခါမှာ ဒေါ်လာ ၂ သန်းပမာဏရှိတဲ့ လစာတွေကို လစဥ် တွက်ချက်ပေးနေနိုင်တဲ့ HR software/app တစ်ခု ဖြစ်လာခဲ့ပါတယ်။ စင်ကာပူနည်းပညာတက္ကသိုလ်ကျောင်းဆင်း တွေနဲ့ခေါင်းဆောင်ပိုင်းမှာစုဝေးထားတဲ့ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီဖြစ်တဲ့ NexLab ကသူ့ ရဲ့ ထုတ်ကုန်တွေထဲက Better HR လို့ခေါ်တဲ့ HR software ဟာ ပိုပြီးအောင်မြင်လာတဲ့အကြောင်း တနေ့ကကြေငြာလိုက်တာပါ။ Better HR ကို ၂၀၁၉ စက်တင်ဘာမှာ စတင်ထုတ်လွှင့်လိုက်တာဖြစ်ပြီး ၂၀၂၀ ကိုဗစ်ကာလမှာ အသုံးပြုမှုဟာ ခေတ်အခြေအနေနဲ့ပိုပြီးအံဝင်ခွင်ကျ ဖြစ်သွားခဲ့တယ်။ NexLab ကုမ္ပဏီဟာ ကြော်ငြာအေဂျင်စီ လုပ်ငန်းကိုလည်း ဆက်လက် တိုးချဲ့နေသလို ယခုလို လုပ်ငန်းခွင်အသုံးချ လွယ်ကူမယ့် နည်းသစ်တွေကို စွန့်စားတီထွင်နေတာကိုမြင်ရပါတယ်။ NexLab စတင်တည်ထောင်စမှ စုဝေးခဲ့ကြတဲ့ လူငယ်တချို့ဟာ သင်းကွဲဖြစ်သွားကြပြီး ကုမ္ပဏီနာမည်အသစ် ကိုယ်စီနဲ့ ဆက်လှုပ်ရှားနေကြပေမယ့် မူလကျန်ရှိတဲ့ NexLab ပဲ့ကိုင်သူ တွေဟာ NexLab ကို ပိုပြီးအင်အားကြီးလာအောင် ထိန်းကျောင်းနေတာလည်း မြင်တွေ့နိုင်ပါတယ်။ Better HR ရဲ့ Business Orientation (စီးပွားရေးနေရာယူတဲ့ပုံစံ) ကိုလေ့လာတဲ့အခါ မြန်မာ စျေးကွက်တင်မကဘဲ ၊ သီရီလင်္ကာနဲ့ ဗီယက်နမ် ထိ ခြေကုပ်ယူထားတာမြင်နိုင်ပါတယ်။ ၂၀၁၄ မှ ၂၀၁၈ အနှောင်းပိုင်းထိလေ့လာကြည့်တဲ့အခါ မြန်မာ့ဆက်သွယ်ရေးဟာ အရှိန်အဟုန်နဲ့တိုးတက်နေပြီး စျေးကွက်စီးပွားရေးစနစ်မှာ စျေးကွက်ချဲ့ထွင်ခြင်း ကြော်ငြာခြင်းလုပ်ငန်း Marketing-Advertising-Branding တွေဟာ အပြိုင်အဆိုင် ဖြစ်လာပါတယ်။ အဲ့ဒီ ၄ နှစ်တာကာလအတွင်း Clients ခပ်ကြီးကြီးအသင့်တင့်ကိုယ်စီ ရထားခဲ့ကြတဲ့ ရင့်ကျင်ပြီးသား (mature ဖြစ်လာတဲ့) အေဂျင်စီမှ CEO တွေဟာ ဒီလို အေဂျင်စီတစ်ခုတည်းမှာပဲ ရှင်သန်နေတာမျိုး မဟုတ်တော့ဘဲ နောက်တဆင့် (what is next) ကို ရှာဖွေနေကြမယ် လို့ ကျနော်တွေးမိတယ်။ Facebook Marketing လို့ခေါ်နိုင်တဲ့ Graphic Design နဲ့ ကြော်ငြာစာ (copywriting) ပါတဲ့ တစ်လစာ content တွေစီစဥ်ပေးတဲ့ ဝန်ဆောင်မှုတွေဟာ pricing နည်းနည်း၊ အရေအတွက်များများ (အရည်အသွေးပိုင်းဂရုမထားကြဘဲ) သူလိုကိုယ်လို "မှို"တွေလို ပေါများလာတာကြောင့် ရင့်ကျက်ပြီးသား ကြော်ငြာအေဂျင်စီတွေဟာ ဒစ်ဂျစ်တယ် စီးပွားရေးတချို့ကို ချဲ့ထွင်ဖို့ ဆန္ဒပြင်းပြနေကြဟန်ရှိပါတယ်။ ဒါကြောင့် ကျနော်လေ့လာမိသလောက်မှာ စျေးကွက်နေရာယူထားနှင့်ပြီးသား အေဂျင်စီတွေဟာ သူတို့ရဲ့ ဝန်ဆောင်မှုပုံစံတွေကို နောက်တမျိုး (တနည်းပြောရရင် ပိုပြီး အထာကျမယ့် ၊ နောက်ပေါက် ဂျူနီယာလေးတွေကို ခဏချန်ထားလို့ရဦးမယ့်) အဆင့်တစ်ခုကို ဆက်သွားဖို့ တွေးခေါ်ကြပါလိမ့်မယ်။ အဲ့ဒီထဲမှာ ဆက်လက်ပြီး product ကို growth ဖြစ်အောင် ထိန်းကျောင်းသွားနိုင်ကြတာလည်း ရှိကြသလို 6 figures, 7 figures စတဲ့ ဒေါ်လာ သိန်းချီ ၊ သန်းချီ ဝင်ငွေဖြစ်လာနိုင်ဖို့အတွက်လုပ်ငန်းစဥ်ကို ခဏ ရပ်ထားကြတာလည်းရှိနိုင်ပါတယ်။ ကျနော်တို့ ပြည်တွင်းရဲ့ စွန့်ဦးတီထွင်မှုတွေအကြောင်း research လုပ်ရတဲ့အခါ စိတ်ကူး နဲ့ လက်တွေ့ဖော်ဆောင်နိုင်မှု နှစ်ပိုင်းဆိုပြီး ကျနော် ခွဲပြီးလေ့လာပါတယ်။ စိတ်ကူး အပိုင်းမှာ ပင်ကိုယ်ဟန်စိတ်ကူး နဲ့ တဆင့်ခံမွေးစားယူ တဲ့ စိတ်ကူးဆိုပြီး ကျနော်ထပ်ခွဲပါတယ်။ အများအားဖြင့် ပြည်တွင်း စွန့်ဦးတီထွင်မှုတွေဟာ တဆင့်ခံမွေးစားယူတဲ့ စိတ်ကူး များကြပါတယ်။ ဆိုလိုတာက ကမ္ဘာ့အနောက်ခြမ်း (အမေရိကန်နဲ့ဥရောပ)မှာ ခေတ်စားတဲ့ စျေးကွက်ရနေတဲ့ ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေကို ပြည်တွင်းမှာ လက်တွေ့ဖော်ဆောင်ဖို့ စိတ်ကူးတာမျိုးပါ။ အဲ့ဒီအခါ ပြည်တွင်းစျေးကွက်နဲ့ကိုက်ညီအောင် localization (ကာလံဒေသံကိုက်ညီမှု) ရှိအောင်လုပ်နိုင်ပြီး တဆင့်ပြီးတဆင့် ဆက်သွားနိုင်သလား? ရပ်ထားလား? ဘာဆက်ဖြစ်မလဲ? ဘာဖြစ်ခဲ့လဲ? ဒါတွေဟာ လေ့လာစရာတွေပါပဲ ... (Tech Business တွေအကြောင်းသီးသန့်ပြောဖို့ မဂ္ဂဇင်းဆောင်းပါးဆန်ဆန်အရှည့်အရှည်ကြီးရေးမှ ဖတ်သူ ဖတ်ရကျိုးနပ်ပါမယ်၊ ဆိုရှယ်မီဒီယာစာရှည် အတွေးအတွက်ကတော့ ဖတ်သူအနေနဲ့ သူ့ဘာသာ ဆက်တွေးနိုင်အောင် ဒီစာကို ဒီလောက်နဲ့ပဲ ရပ်လိုက်ပါသည် ) yktm. Tech Biz Sharing


Comments